သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ရွေးကောက်ပွဲ အာဆီယံ စွမ်းဆောင်နိုင်ရည် စမ်းသပ်မှုဖြစ်မည်


စစ်အစိုးရ ရွေးကောက်ပွဲ အာဆီယံ စွမ်းဆောင်နိုင်ရည် စမ်းသပ်မှုဖြစ်မည်

မြန်မာနိုင်ငံမှာ မကြာခင် လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိအောင် အာဆီယံ အဖွဲ့ကြီးက အကာအကွယ် မပေးနိုင်ဘူးဆိုရင် အာဆီယံရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ ဖြစ်တယ်လို့ နယူးယောက်ခ်မြို့က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ရုံးခွဲက ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က လန်ဒန်က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ရုံးချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း စစ်အစိုးရက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ပြုလုပ်ပေးရုံနဲ့ မပြီးသေးဘဲ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမယ်လို့လည်း တောင်းဆို ဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးဟာ မနက်ဖြန် တနင်္လာနေ့မှာ စတင်မှာ ဖြစ်တာကြောင့် အခုလို Amnesty International က ကြိုတင် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မည်သူ တဦးတယောက်ချင်းကို မဆို စစ်အစိုးရရဲ့ ဖိနှိပ်တဲ့ လုပ်ရပ်တွေကို အာဆီယံက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားဖို့ ပြင်ဆင်ထားသင့်တယ်လို့လည်း Amnesty International အဖွဲ့ကြီးက ဆိုပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲတွေလုပ်ဖို့ မြန်မာစစ်အစိုးရက ကြေညာထားပေမဲ့ ရွေးကောက်ပွဲ ဥပဒေ အသစ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ခွင့်မရအောင် ပိတ်ပင်မှုတွေကို ပြဋ္ဌာန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး အနေနဲ့ တာဝန်ယူထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီကလည်း လာမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်း မကျသလို တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ထားတာကြောင့် ရွေးကောက်ပွဲဝင် ပါတီအဖြစ်ကနေ NLD ကို မှတ်ပုံတင်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG