သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ သြစတြေးလျ တောင်းဆို


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်။ ဇွန် ၂၃၊ ၂၀၁၀။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်။ ဇွန် ၂၃၊ ၂၀၁၀။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာ အလွန်အမင်း သံသယ ဖြစ်မိတယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီး အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ အထူးပဲ သံသယ ဖြစ်မိတယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းသမားတွေကို လာရောက်ခွင့် မပေးတာ၊ အတိုက်အခံ နိုင်ငံရေးပါတီ ၁၁ ခုကို ဖျက်သိမ်းခဲ့တာ၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်တဲ့သူ အများအပြားကို အာဏာပိုင်တွေဘက်က လက်မခံခဲ့တာအပြင် ဒီရွေးကောက်ပွဲဟာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေကိုလည်း ကန့်သတ် ချုပ်ချယ်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ထားတဲ့၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဥပဒေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ မစ္စတာ ရပ်ဒ်ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ အခုလို ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီးတော့ သြစတြေးလျနိုင်ငံ မြန်မာ့ရေးရာ ညွှန်ကြားရေးမှူးရုံးရဲ့ တာဝန်ခံ ဒေါက်တာမြင့်ချိုက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားဝင်မှုနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှု အပေါ်မှာတော့ အကြီးအကျယ် သံသယရှိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောလိုက်တဲ့ ကိစ္စဟာ သြစတြေးလျ အစိုးရရဲ့ သဘောထားကို ထင်ဟပ်နေတာ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လုံး၀ အပြစ်အနာအဆာ အကြီးအကျယ်ရှိတဲ့၊ လက်သင့်မခံနိုင်တဲ့ ဖွဲ့စည်းပုံလို့ ပြောခဲ့ဖူးတယ်လေ။

“အခုလည်း ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူး၊ စစ်မှန်မှာ မဟုတ်ဘူး၊ ဒါ့အပြင် ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့၊ တရားဝင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အကြီးအကျယ် သံသယ ဖြစ်စရာအကြောင်း ရှိတယ်လို့ ထုတ်ဖော် ပြောလိုက်တာဟာ သြစတြေးလျ အစိုးရရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း နအဖ စစ်အုပ်စုကို ပြောလိုက်တာပဲ ဖြစ်ပါတယ်။”

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ အရှေ့အာရှ ဒေသတွင်း အစည်းအဝေး အတွင်းမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို လာမယ့် ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အစိုးရဘက်က ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့သလိုပဲ သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဂျူလီယာ ဂေးလ်လာ့ဒ် (Jullia Gillard) ကလည်း ဒီကနေ့မှာ အလားတူ တောင်းဆိုလိုက်ပါတယ်။

“သြစတြေးလျရဲ့ ဝန်ကြီးချုပ်အသစ် ဂျူလီယာ ဂေးလ်လာ့ဒ် ကိုယ်၌က ဒီနေ့မှာပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်မှန် တရားမျှတပြီး အားလုံးပါဝင်နိုင်အောင် လုပ်ပေးဖို့ တောင်းဆိုတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ဖို့ တောင်းဆိုတယ်။ ဒါ အမြင့်ဆုံး တောင်းဆိုမှုပေါ့။”

အခုလိုမျိုး နိုင်ငံတကာက တောင်းဆိုနေပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတာကြောင့် စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာ တောင်းဆိုသလို ဖြစ်မလာနိုင်ဘူးလို့ ဒေါက်တာမြင့်ချိုက အခုလို ပြောပါတယ်။

“နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရရော၊ ရွေးကောက်ပွဲ ဥပဒေအရရော အခုနောက်ဆုံး လုပ်ဆောင်နေတဲ့ တင်းကျပ်မှုတွေ အရရော ဘယ်လိုမှ လွတ်လပ် တရားမျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးခင်ဗျ။ အဲဒါကြီးကို နိုင်ငံတကာကနေ စစ်မှန်ပြီး အားလုံးပါဝင်တဲ့၊ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုပ်ပေးပါလို့ တောင်းဆိုနေတာဟာ တောင်းဆိုတာပဲ ဖြစ်မယ်ဗျ။ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး။

“သို့သော် နိုင်ငံတကာ အနေနဲ့ ဒီလို တောင်းဆိုလို့မှ နအဖ စစ်အုပ်စုက မလုပ်ပေးဘဲနဲ့ ဖြစ်လာမယ့် ရွေးကောက်ပွဲ ရလဒ်ကိုတော့ဖြင့် နိုင်ငံတကာက အသိအမှတ် ပြုဖို့ဆိုတာ တော်တော် အခက်အခဲ ရှိလိမ့်မယ်။”

သြစတြေးလျနိုင်ငံ မြန်မာ့ရေးရာ ညွှန်ကြားရေးမှူးရုံးရဲ့ တာဝန်ခံ ဒေါက်တာမြင့်ချို ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပါတီ တချို့ကတော့ ဒီရွေးကောက်ပွဲကို ကန့်သတ် ချုပ်ချယ်မှုတွေကြားက ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ သြစတြေးလျ အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတဲ့ ပါတီတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားသလို ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်လို့လည်း ဆိုထားပါတယ်။

XS
SM
MD
LG