သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲသစ် ကျင်းပဖို့ ပဲခူးတိုင်း ကိုယ်စားလှယ်လောင်းတချို့ တောင်းဆို

  • ဦးကျော်ထင်

ရွေးကောက်ပွဲသစ် ကျင်းပဖို့ ပဲခူးတိုင်း ကိုယ်စားလှယ်လောင်းတချို့ တောင်းဆို

ပဲခူးတိုင်းက အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်လောင်း တချို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တာကြောင့် ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

ပဲခူးတိုင်း ကိုယ်စားပြု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅ ဦးက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

UDP ဥက္ကဋ္ဌ ဦးသိန်းဌေးက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတာကြောင့် ရွေးကောက်ပွဲအသစ် ပြန်လုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ပဲခူးတိုင်း ဒေသကြီးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတာ သိနေရလို့ အဲဒီရလဒ်ကို ကျနော်တို့ အသိအမှတ် မပြုပါဘူး။ ဒါကြောင့်လည်း ကျနော်တို့က လက်မှတ်လည်း မထိုးပါဘူး။ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်း မှန်သမျှ ဘယ်သူမှ လက်မှတ်ထိုးထားခြင်း မရှိပါဘူး။

“အခုဟာက ရန်ကုန်တိုင်းရော၊ ပဲခူးရော၊ တနိုင်ငံလုံးမှာ မဲမသမာမှုတွေ များတယ်၊ မဲလိမ်တာ များတယ်၊ အဓိကတော့ မဲခိုးတာပေါ့။ မဲခိုးတဲ့နည်းက နည်းပေါင်းစုံနဲ့ သူတို့က မဲခိုးတာ။ နောက်တခါ ကျနော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အင်္ဂါရပ်တွေနဲ့ညီတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။ အဲဒါကလည်း ကျနော်တို့က တိုင်းပြည်အတွက် ကောင်းချင်တဲ့ စိတ်တွေနဲ့ တောင်းတာပါ။”

ပဲခူးတိုင်းက မဲမသမာမှုတွေကို ဦးသိန်းဌေးက အခုလို ဆက်ပြောပါတယ်။

“လူ ၄,၀၀၀ ကိုလည်း၊ ဥပမာ စလစ်ပြားကို ၄,၀၀၀ မပေးဘူး။ စလစ်ပြား မရတဲ့လူလည်း မဲပေးလို့ မရဘူး။ စလစ်ပြား မရှိတဲ့ လူတွေရဲ့ မဲက ညနေခင်းမှာ မဲခိုးထည့်တယ်လို့ ယူဆရတယ်။ နောက်တခါ ကော်မရှင်တွေ၊ မဲရုံမှူးတွေ ကျောင်းဆရာ၊ ဆရာမတွေ များပါတယ်။ သူတို့တွေကလည်း တော်တော်များများက ဒီ ခြင်္သေ့ကို ခြစ်ပါပြောတယ်၊ သူတို့ကိုယ်တိုင် ခြစ်ပေးတာ ရှိတယ်။ နောက် မဲရုံထဲမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေကို မဲရုံမှူးတွေရယ်၊ မဲရုံတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ကော်မရှင်က ပုဂ္ဂိုလ်တွေက လွန်ဆန်ရဲတဲ့ သတ္တိ မရှိဘူး။”

ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲ မဲမသမာမှုတွေကို ထုတ်ဖော်ပြောဆိုခွင့် ရှိရမယ်လို့ ပူပေါင်းပါဝင်တဲ့ NDF ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဝင်းက ပြောပါတယ်။

“ကျနော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်၊ လုပ်ခွင့်ရှိတဲ့အတွက် ဒါကို ထုတ်ပြန်တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောထားချက်အရ လွတ်လပ်ပြီး တရားမျှတရမယ်လို့ ပြောထားတယ်။ သို့ပေမဲ့ ပြီးသွားတဲ့ အနေအထားမှာ ကျနော်တို့ လေ့လာသလောက်က တရားမမျှတမှုတွေ အများကြီး ဖြစ်နေတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေနဲ့လည်း ဆန့်ကျင်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ သပိတ်မှောက်တာနဲ့စာရင် ဒီရလဒ်က ထုတ်ထားတဲ့ ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ကျနော်တို့က အသိအမှတ် မပြုနိုင်ဘူးဆိုတဲ့ ကျနော်တို့ရဲ့ သဘောထား ထုတ်ပြန်ချက်ပေါ့ဗျာ။”

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ တနင်္ဂနွေ ရွေးကောက်ပွဲဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ခြေလှမ်းအစ ဖြစ်တယ်လို့ ပြောဆိုလေ့ ရှိပါတယ်။ ဦးသိန်းဌေးကတော့ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု ဆန္ဒအမှန် မဟုတ်တဲ့အတွက် တက်လာမယ့် အစိုးရကလည်း လူထုကို အနိုင်ကျင့်မယ့် အစိုးရပဲ ဖြစ်မယ်လို့ ဆိုပါတယ်။

“ဒီအဆင့်ကို ရောက်ဖို့က မလွယ်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်ကို ရောက်ဖို့ စလှမ်းတဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ စသွားမယ်ဆိုတဲ့ ရွေးကောက်ပွဲ ကျင်းပတာတောင်မှ တဖက်သတ်ဆန်ပြီး အနိုင်ကျင့်မှုတွေ များတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲက ပေါ်လာတဲ့ အစိုးရကလည်း ဒီမိုကရေစီ ဖော်ဆောင်နိုင်တဲ့ အစိုးရလို့ မယူဆပါဘူး။ တိုင်းပြည်အပေါ်မှာ၊ လူထုအပေါ်မှာ တနည်းတဖုံနဲ့ အနိုင်ကျင့်မယ့် အစိုးရလို့ပဲ ယူဆပါတယ်။”

လက်ရှိ မဲရေတွက်မှုအရ အခု ကန့်ကွက်ထားတဲ့ ကိုယ်စားလှယ်လောင်း အားလုံးဟာ ပဲခူးတိုင်းမှာ ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ထားသူတွေ ဖြစ်ပါတယ်။ အလားတူ ရှုံးနိမ့်ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ခေတ်သစ် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း တချို့လည်း ဒီဆန့်ကျင်မှုမှာ ပူးပေါင်းလာဖို့ မျှော်လင့်ရတယ်လို့ UDP နဲ့ NDF ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။

XS
SM
MD
LG