သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲအကြောင်း သတင်းမီဒီယာကို ပြောဆိုမှု ကော်မရှင် သတိပေး


ရွေးကောက်ပွဲအကြောင်း သတင်းမီဒီယာကို ပြောဆိုမှု ကော်မရှင် သတိပေး

ရွေးကောက်ပွဲ တရားမျှတမှု မရှိတာတွေနဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် ကန့်ကွက်လိုတာတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်ရိုက် တင်ပြရမှာဖြစ်ပြီး သတင်းဌာနတွေ၊ ဂျာနယ်တွေမှာ ပြောဆိုတာဟာ ဥပဒေ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတယ်လို့ မြန်မာစစ်အစိုးရ သတင်းစာမှာ ရေးသားဖော်ပြပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကတော့ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့အမြင်ကို မပြောဆိုရဘူးဆိုတဲ့ ဥပဒေပါ တားမြစ်ချက် မရှိဘူးလို့ ပြန်လည်ထောက်ပြပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ ကိစ္စရပ်တွေကို တိုင်တန်းလိုရင် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်သွားဖို့ ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ပါတီတွေဟာ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ကော်မရှင်ကလွဲလို့ သတင်းဌာနတွေကို ပြောဆိုတာဟာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး သတိပေး ရေးသားထားပါတယ်။

ရန်ကုန်မြို့က ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးအောင်သိန်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမြင်တွေကို သတင်းဌာနတွေကို ပြောဆိုတာမျိုး မလုပ်ရဘူးဆိုတဲ့ ဥပဒေပါ တားမြစ်ချက်မျိုး လုံးဝမရှိဘူးလို့ ပြောပါတယ်။

“တရားမျှတမှု မရှိတဲ့ အနိုင်ရယူမှုမျိုး ရတယ်ဆိုရင်၊ သူတို့ဘက်က တရားစွဲဆိုမယ်ဆိုရင် ဒါ ငွေ ၁၀ သိန်းတင်ပြီး အရေးဆို စွပ်စွဲရမှာ ဖြစ်တာပေါ့။ သူတို့မှာ ၁၀ သိန်း အခက်အခဲရှိချင် ရှိမှာပေါ့လေ။ အဲဒီ တရားမျှတမှုကို နောက်ထပ် ၁၀ သိန်း အကုန်ခံပြီး လုပ်တော့လည်း ဒီကော်မရှင်ဟာ လက်ရှိ တည်ဆဲအစိုးရရဲ့ လက်အောက်မှာ ရှိနေတဲ့ ကော်မရှင် ဖြစ်တဲ့အတွက်ကြောင့် သူ ဘယ်လိုလုပ်ပြီး အဆုံးအဖြတ် ပေးမလဲ။ တိုင်တန်း တရားစွဲဆိုမယ့် ပုဂ္ဂိုလ်တွေက ကြိုပြီးမြင်နေတဲ့ သဘောထားတွေလည်း ရှိတယ်လေဗျာ။

“အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ ဖြစ်ပေါ် ခံစားမှုတွေကို သူတို့ မီဒီယာကတဆင့် ပြောမှာပေါ့။ သူတို့ အထောက်အထားတွေ၊ တွေ့ရှိချက်တွေကို ပြောတာပေါ့။ ဒါကတော့ ပြောပိုင်ခွင့် ရှိတယ်လို့ ကျနော့်ဘက်က ယုံကြည်ပါတယ်။”

ရွေးကောက်ပွဲ ဥပဒေမှာ ခုနလို ရွေးကောက်ပွဲမှာ မမှန်မကန်တာကို ကော်မရှင်ကလွဲလို့ ကျန်တဲ့နေရာတွေ မပြောရဘူး၊ မစွပ်စွဲရဘူး ဆိုတာရော ဥပဒေမှာ ပြဋ္ဌာန်းချက် ရှိပါသလား။

“အဲဒါတော့ မရှိပါဘူးခင်ဗျ။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေမှာ အဲဒီလို ကန့်သတ် တားမြစ် ဖော်ထုတ်ထားတာတော့ ကျနော် မတွေ့ရှိပါဘူး။”

ဒါပေမဲ့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၄ အရ လိမ်လည်စွပ်စွဲ ပြောဆိုရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်ခံရမယ်ဆိုပြီး ပါပါတယ်ခင်ဗျ။

“လိမ်လည်စွပ်စွဲ ပြောဆိုတယ် ဆိုတာက လိမ်လည်စွပ်စွဲ ပြောဆိုခြင်း ခံရတယ်ဆိုတဲ့ ကော်မရှင်က တရားပြန်စွဲပေါ့ဗျာ။ ဒါ သူ့အပိုင်းပေါ့။ ဒီဘက်ကလူက သူ့တွေ့ရှိချက် အချက်အလက်တွေအရ သူ့ဘက်က ထောက်ပြ ပြောတာပဲ။ သူလည်း အထောက်အထား မရှိဘဲ စွပ်စွဲ ပြောမှာတော့ မဟုတ်ဘူးလေဗျာ။ အဲဒါ ကော်မရှင်က သူမှန်တယ်ဆိုရင် သူ အဲဒီပုဂ္ဂိုလ်ကို တရားစွဲရင် အဲဒီဘက်က ခုခံချေပခွင့် ရရှိလာမှာပဲလေ။”

တကယ်တော့ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုတွေ၊ မမှန်မကန် လုပ်မှုတွေကို အချက်အလက် စုဆောင်းပြီး ကော်မရှင်ကို ကန့်ကွက်စာတွေ ပေးပို့ခဲ့တာ အများအပြားပါ။ အချို့ဆိုရင် ဒီ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူး ဆိုတဲ့ ကိုယ်စားလှယ်တွေတောင် ရှိပါတယ်။ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တခုအောက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုပိုင်ခွင့် ရှိရမယ်လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“ပါတီတွေ အနေနဲ့ တစ်အချက်၊ သူတို့ဟာ တရားဝင် ရပ်တည်နေတဲ့ ပါတီတွေဖြစ်တယ်။ နှစ်အချက်၊ သူတို့ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားတာတွေ ဘာတွေလည်း ရှိတယ်။ ဆိုတော့ ပါတီတခု အနေနဲ့က ရွေးကောက်ပွဲမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့အမြင်ကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ခွင့် ရှိတယ်။ နိုင်ငံခြား အသံလွှင့်ဌာနတွေနဲ့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက သတင်းသမားတွေနဲ့ပဲ ဖြစ်ဖြစ် သူတို့အနေနဲ့က လွတ်လွတ်လပ်လပ် ဒီကိစ္စကို လူထုသိအောင် ပြောခွင့်ရှိတယ်လို့ ကျနော် ယူဆပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွင်းမှာ အစိုးရနောက်ခံ ကြံ့ခိုင်ရေးပါတီဘက်က မရိုးမသား၊ မမှန်မကန် လုပ်မှုတွေ၊ အထူးသဖြင့် ကြိုတင်မဲတွေဆိုပြီး မဲပြားတွေကို သူတို့အနိုင်ရဖို့ လိုသလောက် သုံးစွဲနေမှုတွေ ရှိခဲ့တယ်ဆိုပြီး ယှဉ်ပြိုင်ဘက် နိုင်ငံရေးပါတီ အများစုက ပြောပါတယ်။ စစ်အစိုးရနဲ့ နီးစပ်တယ်ဆိုတဲ့ တစည ပါတီကတောင် ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့တာပါ။

ဒီလို ပွက်လောရိုက်နေတဲ့ အသံတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တလျှောက်လုံး ဆိတ်ဆိတ်နေခဲ့ပြီးမှ အခုလို သတင်းဌာနတွေကနေ ပြောတာ ဆိုတာတွေဟာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ဖြစ်လာတာပါ။ ဒါပေမဲ့ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲအတွင်း အငြင်းပွားမှုတွေ၊ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ တစုံတရာ တုံ့ပြန်ဖြေရှင်းတာမျိုး မရှိသေးသလို သတင်းဌာနတွေ အနေနဲ့လည်း ကော်မရှင်ကို မေးမြန်းဆက်သွယ်လို့ မရပါဘူး။

XS
SM
MD
LG