သုံးရလွယ်ကူစေသည့် Link များ

ဒီမိုကရက်တစ်ပါတီ TV နဲ့ ရေဒီယို မဲဆွယ်ခွင့် အပယ်ခံရ

  • ကိုကျော်အောင်လွင်

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ပါတီမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ဖို့ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်က သဘောမကျလို့ ပယ်ချလိုက်ပါတယ်။ အဲဒါကြောင့် နောက်တကြိမ် ပြင်ဆင်ပြီး အချိန်မီ တင်ပြနေရပါတယ်။ ဘာကြောင့် ပယ်ချသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေအောက်မှာ နိုင်ငံရေး ပါတီတွေဟာ အဆင့်တိုင်းလိုလို အခက်ကြုံနေရတဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။ ပါတီတွေက သူတို့ပြောဆိုချင်တဲ့ အကြောင်းအရာတွေကို နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို အရင် တင်ပြရပါတယ်။ ကော်မရှင်က စိစစ်လို့ သဘောကျပြီး ခွင့်ပြုမှ ထုတ်လွှင့်ခွင့် ချပေးတာပါ။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ တင်ပြမှုကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်လို့ အခု နောက်တကြိမ် ထပ်ပြီး ပါတီဥက္ကဋ္ဌ ဦးသုဝေ ကိုယ်တိုင် နေပြည်တော်ကို သွားရောက် တင်ပြနေရတဲ့အကြောင်း ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ရှင်းပြပါတယ်။

“ကျမတို့ အသံသွင်းမယ့်ရက်ကို ခွဲတမ်းချပြီးသားလေ။ ရုပ်သံလွှင့် ရိုက်ဖို့ရယ်၊ အသံသွင်းဖို့ရယ်က ၂၄ ရက်နေ့၊ မနက်ဖြန်၊ ဦးသုဝေက သူကိုယ်တိုင်သွားပြီး တင်လိုက်တယ်။ တင်ပြီးတော့ ပြန်လာရတာပေါ့။ သူတို့က စိစစ်ဦးမှာကိုး။ ပြန်လာတဲ့အခါ သူ ဒီကို မရောက်ခင်ပဲ ဟိုက တယ်လီဖုန်းဆက်ပြီး ပြောတယ်၊ ဦးသုဝေရဲ့ တင်ခဲ့တဲ့ မိန့်ခွန်းကို ပယ်လိုက်ပြီဆိုပြီး ပြောတယ်။ ဘာကြောင့်ပယ်တယ် ဆိုတာတော့ သူတို့က စာကို အမြန်ချောပို့နဲ့ ပို့လိုက်မယ်ဆိုပြီး ဒီနေ့အထိတော့ ရောက်မလာသေးဘူး။”

ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးပါတီ တခုကို ရုပ်သံနဲ့ ရေဒီယိုကနေ ၂ ကြိမ် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းတွေအောက်မှာ ဘောင်ဝင်အောင် ကြိုးစားပြီး တင်ပြနေရတဲ့ အကြောင်းလည်း ဒေါ်သန်းသန်းနုက ဆက်ရှင်းပြပါတယ်။

“စည်းကမ်းချက် ၈ ချက်ဆိုပြီး သူတို့ သတ်မှတ်ထားတယ်။ အဲဒီ သတ်မှတ်ထားတာတွေနဲ့ မကိုက်ညီရင်တော့ ပယ်မယ်ဆိုတာ သူတို့က အစကတည်းက အကုန်လုံး ထိန်းကွပ်ပြီးသားပဲ။ ကျမတို့ကလည်း သိပ်ပြီးတော့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိမယ်လို့တော့ မထင်ပါဘူး။

“ပြောရမယ်ဆိုတော့လည်း ပြောသင့် ပြောထိုက်တာတော့ ကျမတို့ ဥက္ကဋ္ဌက ပြောလိုက်တာပါပဲ။ ကျမတို့က ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာ မဟုတ်ဘူးလေ။ ကိုယ်လုပ်ရမယ့် အလုပ်ကို ဘယ်လိုလုပ်သွားမယ်၊ ကျမတို့ရဲ့ မူဝါဒက ဘယ်လိုရှိတယ်၊ သဘောထား ဘယ်လိုရှိတယ်၊ ဘယ်လို ပြုပြင်ပြောင်းလဲပေးချင်တယ်၊ ဒါလည်း ပြည်သူနဲ့ နိုင်ငံအတွက်ဆိုတော့ အဲဒါတော့ ဖြစ်နိုင်သလို ကျမတို့ ပြောသွားမှာပဲ။”

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေက ပါတီတွေ စဖွဲ့စည်းကတည်းက ရှိလာခဲ့တာ အဆင့်တိုင်းလိုလိုမှာပဲလို့ ဆိုပါတယ်။

“လုပ်ရကိုင်ရတာတော့ အစကတည်းက မလွယ်ကူတဲ့ ကိစ္စလေ။ ကန့်သတ်ချက်တွေ၊ တင်းကျပ်မှုတွေ၊ စည်းကမ်းတွေက သိပ်များတယ်။ များတယ်ဆိုတော့ ထူးတော့ မထူးခြားလာဘူး၊ ကျမတို့အတွက်ကတော့။ ပိုပြီးတော့ တင်းကျပ်လာတယ်ဆိုပြီး ပြောစရာ အကြောင်းတောင် မရှိတော့ပါဘူး။ အစကတည်းကလည်း တင်းကျပ်ပြီးသား ဆိုတော့လေ။”

တကယ်လို့ ဒီမိုကရက်တစ်ပါတီက ဒုတိယအကြိမ် တင်ပြတာကို ရွေးကောက်ပွဲ ကော်မရှင်က သဘောမကျလို့ ထပ်ပြီး ပယ်ချခဲ့ရင် ရုပ်သံထုတ်လွှင့်မှု တကြိမ် အခွင့်အရေး ဆုံးရှုံးမယ်လို့ ဆိုပါတယ်။ အခုချိန်ထိတော့ ဒီမိုကရက်တစ်ပါတီရဲ့ တင်ပြမှုကို လက်ခံမလား၊ ပယ်ချမလား မသိရသေးပါဘူး။ ပါတီတခုကို အချိန် ၁၅ မိနစ်စာ ပြောခွင့်ရပါမယ်။ အဲဒီအတွက် A4 စာရွက်နဲ့ ၇ မျက်နှာထက် မပိုအောင် ရေးသားပြီး နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို ပါတီရဲ့ ဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်းရေးမှူးကိုယ်တိုင် သွားပြီး ကြိုတင်ပေးပို့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG