သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိုင်ရ ကိုယ်စားလှယ်လောင်းတဦး ကော်မရှင် စာရင်းမှာ မဖော်ပြ


အနိုင်ရ ကိုယ်စားလှယ်လောင်းတဦး ကော်မရှင် စာရင်းမှာ မဖော်ပြ

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကြောင်း ခရိုင်ကော်မရှင်က စိစစ် အတည်ပြု လက်မှတ်ထိုးပေးလိုက်တဲ့ တောင်ဥက္ကလာပ၊ တိုင်းဒေသကြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ဟာ မနေ့ကညပိုင်း မြန်မာ့ရုပ်မြင်သံကြားက ကြေညာခဲ့တဲ့ ရွေးချယ်ခံရသူစာရင်းမှာ သူ့နာမည် ပါမလာတော့ပါဘူး။ ဘာကြောင့် အခုလို ဖြစ်ရသလဲ ဆိုတာကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မဲမသမာမှုတွေကြောင့် မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ အကြိမ်ကြိမ် အငြင်းပွားခဲ့ပြီးမှ အနိုင်ရတာ သေချာလို့ လက်မှတ်ထိုးပေးလိုက်တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ဟာ မနေ့ညပိုင်းက ကြေညာတဲ့ အနိုင်ရသူ စာရင်းမှာ မပါတော့ဘူးလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ သူက အခုလို ရှင်းပြပါတယ်။

“မနေ့က TV announce မှာ ကြံ့ခိုင်ရေးက ဦးအောင်ကျော်မိုးဆိုပြီး ထည့်လိုက်ရောဗျ။ ကျနော်လည်း မျက်စိလည်သွားတယ်။ အဲဒါနဲ့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်မှူးမင်းသန်း၊ သူ့ကို ဖုန်းလှမ်းဆက်တယ်ဗျ၊ ဗိုလ်မှူး ဘယ်လိုဖြစ်တာလဲ၊ ကျနော့်ကို နိုင်တယ်ဆိုပြီး သဘောတူညီလို့ ကျနော် လက်မှတ်ထိုးပြီးသားကိစ္စ၊ ဒီလိုဖြစ်တယ်၊ ကျနော်မေးတော့ ဗိုလ်မှူးမင်းသန်းက ကျနော်လည်း တိတိကျကျ မသိဘူးတဲ့၊ စာရင်းပြန်စစ်တယ် ပြောတယ်၊ စာရင်းပြန်စစ်တာကိုလည်း ကျနော် ရုံးရောက်မှ သိတာတဲ့၊ အဲလိုပြောတယ်။

“တကယ်လို့ စာရင်းစစ်တယ်ဆိုရင် လက်မှတ်ထိုးပေးထားတဲ့ ကိုယ်စားလှယ်လောင်းကို အကြောင်းတော့ ကြားသင့်တာပေါ့ဗျာ။ ဘာမှလည်း အကြောင်းမကြားဘဲ ဒီလိုထုတ်ပြန်လိုက်တယ် ပြောတော့ သူဘာမှ မဖြေနိုင်ဘူးဗျ။ ပြီးတော့ ကျနော် မေးသေးတယ်၊ ဗိုလ်မှူးတို့က စာရင်းကို ဘယ်နှစ်ကြိမ် ဆက်စစ်နေမှ အတည်ဖြစ်မှာလဲ မေးတော့ သူဘာမှ မဖြေနိုင်ဘူး၊ အဖြစ်ကတော့ အဲဒီအတိုင်းပဲ။”

ဒါနဲ့ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးမင်းသန်းကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ဗွီအိုအေက မေးမြန်းကြည့်တော့…

“ပြီးသွားပြီခင်ဗျ၊ ကျနော်တို့ တင်လိုက်ပြီခင်ဗျ။”

အဲဒါနဲ့ ပတ်သက်လို့ တိုင်တာ တောတာတွေ၊ မကျေနပ်မှုတွေကိုရော ကော်မရှင်က ဘယ်လို ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

“အဲဒါတွေပြောချင်ရင် ကျနော့်ရုံးခန်း လာခဲ့ပါခင်ဗျ။ ဖုန်းနဲ့တော့ ကျနော် ဖြေကြားလို့ မရသေးပါဘူး။ ရုံးခန်းလာခဲ့ပါ။ ကျနော် အခု မဲပုံးတွေ သိမ်းနေလို့ပါ၊ ဟုတ်ကဲ့ပါ။”

ဒေါက်တာစောနိုင်ဟာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က မဲစာရင်းအရ အနိုင်ရထားပေမဲ့ မြို့နယ်ကော်မရှင်က ရထားတဲ့ စာရင်းနဲ့ ကွာနေလို့ ခရိုင်ကော်မရှင်သို့ တိုင်ကြားခဲ့တာပါ။ ခရိုင်ကော်မရှင်က စိစစ်အပြီးမှာ သူပြန်နိုင်သွားတာကို အခုလို ရှင်းပြပါသေးတယ်။

“ကျနော့်ကို ၈ ရက်နေ့ည ၈ နာရီလောက်မှာ NDF က ဦးဘုန်းမြင့်အောင် ဖုန်းဆက်တယ်။ သူက မြို့နယ်ကော်မရှင်က ဒေါက်တာစောနိုင်ရဲ့ စာရင်းကို ပြန်စိစစ်လိုက်တော့ ငြိမ်သွားပြီတဲ့၊ စာရင်းက။ အဲတော့ ဒေါက်တာစောနိုင်က plus ဖြစ်နေတယ်တဲ့။ အဲဒါ လက်မှတ်ထိုးဖို့ ခေါ်လိုက်ပါတဲ့။ အဲဒီလို ဦးဘုန်းမြင့်အောင်က မြို့နယ်ကော်မရှင်မှာ ရောက်နေတယ်ဗျ။

“ဖုန်းဆက်တော့ ကျနော် မြို့နယ် ကော်မရှင်ကို ရောက်သွားတယ်ဗျာ။ ရောက်သွားတော့ ငြိမ်သွားတဲ့စာရင်းကို ကွန်ပြူတာ ရိုက်ထားတယ်။ အဲဒီစာရင်းကို ကျနော့်ကိုပြတယ်။ ပုံစံ ၁၉ ပေါ့၊ အဲဒါကို ပြတဲ့အခါကျတော့ ကိုယ်စားလှယ်လောင်း အနေနဲ့ ဒါကို သဘောတူရင် လက်မှတ်ထိုးတဲ့။ ကျနော်လည်း ဂဏန်းတွေကို ကူးချပြီး တွက်လိုက်တော့ ကျနော်က သာနေတယ်၊ နိုင်နေတယ်။ နိုင်နေတဲ့အတွက် ကျနော် လက်မှတ်ထိုးပေးခဲ့တယ်ဗျ။ ထိုးပေးခဲ့ပြီးတော့ ကျနော်လည်း အေးအေးဆေးဆေးပဲ နေတော့တာပေါ့။ အဲဒီမှာ ကျနော့်လို တူတာတော့ မရှိဘူးဗျ။ ကျနော်တယောက်ပဲ အဲဒီလို ဖြစ်သွားတယ်ဗျ။ နှစ်ခါနိုင်၊ နှစ်ခါရှုံးပေါ့၊ ဒါပေမဲ့ အရှုံးက နောက်ဆုံးဖြစ်နေတယ်။”

ဒါပေမဲ့ ပဲခူးတိုင်းမှာတော့ မဲမသမာမှုတွေ ရှိနေလို့ ရှုံးတဲ့ ကိုယ်စားလှယ်လောင်းတွေက ပုံစံ ၁၉ ကို လက်မှတ်မထိုးဘဲ တင်းခံထားကြပါတယ်။

XS
SM
MD
LG