သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ် ခေါင်းဆောင်ဟောင်းတွေ လွှတ်တော်အမတ်ဖြစ်


မူးယစ် ခေါင်းဆောင်ဟောင်းတွေ လွှတ်တော်အမတ်ဖြစ်
မူးယစ် ခေါင်းဆောင်ဟောင်းတွေ လွှတ်တော်အမတ်ဖြစ်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ အထင်ကရ မူးယစ်ဆေးဝါး ခေါင်းဆောင် ၆ ယောက် အနိုင်ရသွားခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အခုလို မူးယစ်လုပ်ငန်းနဲ့ နာမည်ပျက် ရှိသူတွေကို ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုခဲ့တာဟာ သူတို့နဲ့ အပြန်အလှန် အကျိုးတူ လုပ်ငန်းတွေ ရှိတဲ့အတွက် ဖြစ်တယ်လို့ ရှမ်းပြည်နိုင်ငံရေးကို အနီးကပ် လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီ မူးယစ်ဆေးဝါး ခေါင်းဆောင်တွေဟာ လက်ရှိ စစ်အစိုးရ အာဏာပိုင်တွေနဲ့ အနီးကပ် ပေါင်းသင်း ဆက်ဆံနေကြသူတွေ ဖြစ်ပြီး အရင် ကြံ့ခိုင်ရေးအသင်းကို ပါတီအဖြစ် ပြောင်းပြီး မဖွဲ့စည်းခင်ကတည်းက အဖွဲ့ဝင် ဖြစ်နေခဲ့သူတွေလို့ ဆိုပါတယ်။ သူတို့တွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် စတဲ့ နေရာအသီးသီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ ခေါင်းဆောင်တွေဆိုတာ ဒေသခံ ပြည်သူတွေက သိကြတဲ့အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

“အရင်တုန်းက ဒေသခံ မူးယစ်ရာဇာတွေပေါ့။ ဒေသတွင်းကလူတွေ ခပ်များများကတော့ အဲဒီလိုပဲ သိကြတယ်။ အခုနောက်ပိုင်း သူတို့ကိုယ်တိုင် တိုက်ရိုက် မပတ်သက်တော့ပေမဲ့ သူတို့ရဲ့ အပေါင်းအပါတွေ၊ အခြွေအရံတွေ၊ လက်အောက်ငယ်သား တပည့်တပန်းတွေကတော့ လုပ်နေတုန်းပဲပေါ့။”

တိုက်ရိုက် မပတ်သက်တော့တာပဲ ရှိတယ်၊ တနည်းနည်းနဲ့တော့ ပါဝင်ပတ်သက်မှု ရှိနေသေးတယ်ပေါ့။

“ဟုတ်ပါတယ်။ သူတို့က မပတ်သက်တော့ဘူးဆိုတာ တိုက်ရိုက် ပေါ်တင်မလုပ်ရုံ တမယ်ပဲပေ့ါ။”

သူတို့က ဘာဖြစ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ဝင်ပြိုင်ရတာပါလဲ။ သူတို့က ပါတီကို သွားပြီး ချဉ်းကပ်တာလား၊ ဒါမှမဟုတ် ပါတီကနေ သူတို့ကို ဝင်ရွေးခိုင်းတာလား။

“နှစ်ဘက် အကျိုးတူ အပြန်အလှန် အကျိုးရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတွင်းမှာ သူတို့က သြဇာညောင်းတဲ့ လူတွေလေ၊ သြဇာကြီးတဲ့လူတွေ။ သူတို့က တဘက်ကလည်း ဘန်းပြ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ Background ကလည်း မူးယစ်ဆေးဝါးနဲ့ မကင်းတဲ့ လုပ်ငန်းတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့က ဒေသတွင်း ဌာနေ ပြည်သူ့စစ် ခေါင်းဆောင်တွေ ဖြစ်တယ်။ နအဖဘက်ကလည်း တခြား လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ဖို့ အသုံးကျတာပေါ့၊ သူတို့က။”

ဒီလူတွေက မြန်မာပြည်ထဲမှာလည်း ဘဏ်လုပ်ငန်းတွေ ဘာတွေ ပိုင်တယ်၊ စီးပွားရေး လုပ်ငန်းတွေ တော်တော် တွင်တွင်ကျယ်ကျယ် လုပ်နေတဲ့ သူတွေလား။

“ရှိတယ်၊ ဖုန်းလမ်းညွှန် စာအုပ်ထဲမှာကြည့်၊ ရန်ကုန်၊ မန္တလေးတို့ ဘာတို့၊ တရုတ်စာ အကြီးကြီး၊ တရုတ်စာ အများကြီးဆိုရင် အဲဒါ တရုတ်တွေ ခပ်များများ ပိုင်တဲ့ဟာပဲ။ သူတို့က ရှယ်ယာဝင်တာဖြစ်စေ၊ ပိုင်ရှင်ဖြစ်တာ ဖြစ်စေ၊ တရုတ်နဲ့ကင်းတဲ့ စီးပွားရေး လုပ်ငန်းကတော့ သိပ်ရှားတယ်ဗျ။ ဒေသတွင်းက မူးယစ်ရာဇာတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာတယ် ဆိုတာက ကျော်မြင့်တင် မကဘူးလေ၊ ဥပမာ မူဆယ်မြို့နယ်မှာဆိုရင် မုန်းပေါ် ပြည်သူ့စစ်ခေါင်းဆောင် ဂင်မိုင်တို့၊ ကွတ်ခိုင်မှာဆိုရင် ဦးမြင့်လွင်ခေါ် ဝမ်ကွေ့တာတို့၊ နောက် ဦးတီခွန်မြတ်တို့၊ သူတို့က အင်အား လေးငါးရာရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင်တွေပဲ။”

ဒီလူတွေရဲ့ အခန်းကဏ္ဍက အနာဂတ် မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ၊ အထူးသဖြင့် ရှမ်းပြည်နယ် နိုင်ငံရေး သမိုင်းမှာတော့ တော်တော်လေးကို တွင်ကျယ်လာမယ့်ပုံစံ ရှိတယ်ပေါ့။

“အဲဒါတော့ မြေကြီးလက်ခတ် မလွဲဘဲဗျာ။”

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသက ဝင်အရွေးခံခဲ့ကြတဲ့ ကိုယ်စားလှယ် ၂ ယောက်ကတော့ လျုဂိုရှီး၊ ဘိုင်းဆူချွန်းတို့ ဖြစ်ကြပါတယ်။ ကျန်ကိုယ်စားလှယ် ၄ ယောက်ကတော့ ဦးမြင့်လွင်၊ ဦးတီခွန်မြတ်၊ ဦးကျော်မြင့်၊ ဦးခင်းမိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG