သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲကြောင့် ရွေးကောက်ပွဲ လွတ်လပ်မှု ထိခိုက်နိုင်


ကြိုတင်မဲကြောင့် ရွေးကောက်ပွဲ လွတ်လပ်မှု ထိခိုက်နိုင်
ကြိုတင်မဲကြောင့် ရွေးကောက်ပွဲ လွတ်လပ်မှု ထိခိုက်နိုင်

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့မှာ ဝန်ထမ်းတွေကို ကြိုတင်မဲ အတင်းအကျပ် ကောက်ခံနေတာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ်ဆိုပြီး SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ရွေးကောက်ပွဲ အာဏာပိုင်တွေဆီ တိုင်ကြားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။

“ကျနော် ဝင်ရောက်ယှဉ်ပြိုင်မယ့် သိန္နီမြို့နယ်မှာဆိုရင် ကြိုတင်မဲတွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ကောက်ပြီးတော့ တရာမှာ တဆယ်၊ နှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ် စသဖြင့် ကြိုတင်မဲတွေ ထည့်ခိုင်းတယ်။ ကြိုတင်မဲထည့်တော့ ကျနော်တို့ကလည်း သွားပြီး ကြီးကြပ်ခွင့် မရှိဘူးလေ။ သိန္နီမြို့နယ်မှာဆိုရင် ၂၇ ရက်နေ့က စတယ်။

“၂၇ ရက်နေ့စတော့ ကျနော်က ၂၉ ရက်နေ့မှာ ခရိုင်ကော်မရှင်ကို လာတင်ပြတယ်။ နိုင်ငံတော် အကြီးအကဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုပြီး လမ်းညွှန်ထားတာ ရှိတယ်။ အခုက လွတ်လပ်မှု မရှိတော့ဘူး၊ တရားမျှတမှုလည်း မရှိတော့ဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း မမြင်တွေ့ရဘူး။ ကြိုတင်မဲဆိုတာ တပ်မတော်သားနဲ့ သူ့ရဲ့ မိသားစုရယ်၊ ပြီးတော့ နိုင်ငံခြားမှာ ပညာသွားသင်မယ့် ကျောင်းသားတွေရယ်၊ နိုင်ငံခြားသွားပြီး သင်တန်းသွားတက်မယ့် ပုဂ္ဂိုလ်တွေရယ်၊ ဆေးရုံတက်တဲ့ လူတွေရယ်၊ အချုပ်ကျတဲ့ လူတွေရယ်၊ ဥပဒေမှာ ပြဋ္ဌာန်းထားတာ အဲဒါတွေပဲ ရှိတာပဲလို့။ ဒါတောင်မှ ကြိုတင်မဲ ပေးရမယ်ဆိုရင် ပုံစံ ၁၅ လည်း ဖြည့်ရမှာပဲလို့။”

ခုန အန်ကယ်ပြောတဲ့ သတ်မှတ်ထားတဲ့ လူတွေတင် မဟုတ်ဘဲ တခြား အပြင်လူတွေကိုပါ ကောက်နေတဲ့ သဘောလား။

“ဟုတ်ပါတယ်၊ အဲဒါကြောင့် ကျနော်တို့က မကျေနပ်လို့လေ။ ဒါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတဲ့ လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ သွေဖည်နေတယ်ဆိုပြီး ဒီနေ့ပဲ ကျနော် လားရှိုးမှာ ခရိုင်ကော်မရှင်ကို တင်ပြတယ်။ ပြည်ထောင်စု ကော်မရှင်လည်း မိတ္တူ ပို့ထားတယ်။ ပြည်နယ် ကော်မရှင်လည်း ပို့ထားတယ်။ ကြိုတင်မဲ ပေးထားတဲ့ဟာတွေကို ပယ်ဖျက်ပေးပြီး ၇ ရက်နေ့မှာ ပြန်ပြီး မဲထည့်ခွင့် ရရှိဖို့ပေါ့။”

ကြိုတင်မဲ ပေးခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။ သူတို့ကိုယ်တိုင်ကရော ကြိုတင်မဲ ပေးချင်လား။

“သူတို့မှာ လွတ်လပ်စွာ မဲပေးခွင့် မရှိဘူး။ ဒါဒါဒါ ပေးဆိုပြီး ခိုင်းတယ်လေ။”

ဝန်ထမ်းတွေလား၊ သာမန် အရပ်သားတွေလား။

“ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေပေါ့။ တရားသူကြီးတွေလည်း ပါတယ်၊ စည်ပင်ဝန်ထမ်းတွေ ပါတယ်၊ စည်ပင် ဦးစီးတွေ၊ သမ ဦးစီးတွေ၊ မြို့နယ်ဆိုင်ရာ ဌာနတွေပေါ့။ အဲဒါတွေက ကြီးကြပ်ပြီး ညွှန်ကြားချက်အရ ပြည်သူတွေက မဲထည့်နေရတာပေါ့။ အဲဒီလိုမျိုး လွတ်လွတ်လပ်လပ် ကိုယ့် အသည်းကြားက မဲတပြား မထည့်နိုင်တော့ဘူးလေ။ သူတို့ခိုင်းတဲ့ အတိုင်းပဲ ထည့်ရတယ်ဆိုတော့။”

အန်ကယ်တို့ ခန့်မှန်းချက်အရ ကြိုတင်မဲတွေက ဘယ်အတွက် ဖြစ်သွားနိုင်တယ်လို့ ယူဆထားလို့လဲ ခင်ဗျ။

“သူတို့ အတင်းကို ခြင်္သေ့တံဆိပ်ကို အမှန်ခြစ်ခိုင်းတယ်လေ။”

အခုက ကော်မရှင်ဘက်ကရော တစုံတရာ အန်ကယ်တို့ အခု ခရိုင်ကော်မရှင်ကို သွားပြောတော့ ခရိုင်ကော်မရှင်ဘက်က အကြောင်းပြန်တာရော ရှိလား။

“ကြိုတင်မဲ စပေးတာ ၂၇ ရက်ဗျာ၊ ကျနော် ၂၉ ရက်နေ့မှာ လားရှိုး ခရိုင်ကော်မရှင်ကို လာတင်ပြတယ်။ မနေ့က ခရိုင်ကော်မရှင် အဖွဲ့ဝင် ၄ ယောက် သိန္နီကိုလာပြီး ကျနော်တို့ တင်ပြချင်တဲ့ဟာ တင်ပြခိုင်းတာပေါ့။ အကုန်လုံး တင်ပြတယ်၊ အသေးစိတ် တင်ပြတယ်။”

အဲဒါက အန်ကယ် ကြိုတင်မဲကိစ္စ တိုင်ထားလို့ ဆင်းလာတဲ့ သဘောလား၊ သူတို့ဘာသာ သူတို့ တခြားအလုပ်ကိစ္စနဲ့ ဆင်းလာတာလား။

“ဟုတ်ပါတယ်၊ နှုတ်နဲ့ တိုင်ထားတာလေ။ တိုင်ထားလို့ သူတို့က ဆင်းလာပြီး စုံစမ်းပေးတာပါ။ ဒီနေ့တော့ စာနဲ့ သေချာ တိုင်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်မဲက သိန္နီမှာ ၃,၀၀၀ ပတ်ဝန်းကျင် ရှိနေပြီလေ။”

လာပြီးတော့ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင် လူကြီးတွေရဲ့ အနေအထားရော ဘယ်လိုရှိလဲခင်ဗျ။ သူတို့ကရော ဘာများပြောသေးလဲ။

“သူတို့က ဒီဟာကို ရပ်လိုက်ပါလို့ ပြောတယ်။ ဒါပေမဲ့ ရပ်လိုက်ပါလို့ မနေ့က ပြောတာတောင်မှ ဒီနေ့ ကျနော့်နယ်မြေမှာ ပန်လော့ဆိုတဲ့ ကျေးရွာအုပ်စုမှာ ထည့်သေးတယ်ဗျ။ ကျနော်ကိုယ်တိုင် သွားပြောပြတယ်၊ ဒါ ခရိုင်ကော်မရှင်က တားထားပြီးသား၊ မလုပ်နဲ့တော့၊ မလုပ်သင့်တော့ဘူးလို့။ အဲဒါ ပြောရဲ့သားနဲ့တောင် ဒီနေ့ လုပ်တယ်။”

SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG