သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ မဆန်တဲ့ ရွေးကောက်ပွဲအဖြစ် EU ဝေဖန်


ဒီမိုကရေစီ မဆန်တဲ့ ရွေးကောက်ပွဲအဖြစ် EU ဝေဖန်
ဒီမိုကရေစီ မဆန်တဲ့ ရွေးကောက်ပွဲအဖြစ် EU ဝေဖန်

မြန်မာစစ်အစိုးရဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်တွေကို အကောင်အထည် မဖော်ဘဲ ရွေးကောက်ပွဲ နောက်တခုကို ထပ်ပြီးတော့ တနင်္ဂနွေနေ့က လုပ်ခဲ့တယ်လို့ EU ဥရောပသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် စစ်အစိုးရက လုပ်မပေးခဲ့တဲ့ အပေါ်မှာ EU က စိတ်မကောင်းဖြစ်တယ် ဆိုပြီး EU ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကော်မရှင်နာ မင်းကြီး ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လုပ်ပုံလုပ်နည်း တော်တော်များများဟာလည်း နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ အဆင့်အတန်း မမီဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပေါ်ထွက်လာမယ့် လွှတ်တော်သစ်နဲ့ အစိုးရသစ် အနေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမှု ရှိသလား၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်ရဲ့လားဆိုတာ EU က အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ချခံရသူ အားလုံးကို ကန့်သတ်ချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးပြီးတော့ လွတ်လပ်မှုကို ကန့်သတ်မထားဖို့အတွက် EU က တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချထားတဲ့အတိုင်း မပြောင်းမလဲ ဆက်ပြီး လုပ်သွားမယ် ဆိုပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ EU ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အနှစ် ၂၀ အတွင်းမှာ အစိုးရကလုပ်တဲ့ ရွေးကောက်ပွဲတွေဟာ ခြွင်းချက်တွေ ရှိနေပြီး ဒီမိုကရေစီစနစ်ကို တိုးတက်ပြောင်းလဲရေး အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ဗြိတိန်ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။

XS
SM
MD
LG