သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။

မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေတွေ မရှိတဲ့အပြင် ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ အာရှခရီးစဉ် အစနေ့အဖြစ် ကြာသပတေးနေ့ကပဲ ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်တာပါ။ မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေထဲက အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက သဘောထား မှတ်ချက် ပေးခဲ့တာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲဟာ အပြစ်အနာအဆာတွေနဲ့ လက်ခံနိုင်စရာရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ရှုမြင်တဲ့အကြောင်း အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ သဘောထားတွေကို ရှင်းပြရာမှာ ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမယ်လို့ မျှော်လင့်ထားတဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ်ဒေသကို သွားရောက်မယ့် ခရီးစဉ်အစအဖြစ် ဟာဝိုင်အီကျွန်းမှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အင်မတန်မှကို အပြစ်အနာအဆာတွေ များလှတဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမတို့ သိနားလည်ထားတာကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ဆိုတာထက် ပိုတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ အသစ်ရော အဟောင်းတွေကိုရော ကျမတို့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ အရင်က မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ် ဆိုတာပါပဲ။”

မြန်မာစစ်အစိုးရကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက်ကို ဖမ်းဆီးထားဆဲ ဖြစ်တဲ့အတွက် နိုင်ငံရေး လွတ်လပ်ခွင့် အခြေအနေတွေ မရှိဘူးလို့ အများက မြင်နေကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ထိပ်သီး အစည်းအဝေးပွဲ အတွက် ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုနဲ့ အများက လက်ခံနိုင်မယ့် အခြေအနေတွေ ကင်းမဲ့စေလိမ့်မယ်လို့ AP သတင်းဌာနနဲ့ ကြာသပတေးနေ့က မေးမြန်းခန်းအတွင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲ အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အပြီးလောက်မှာ ပြန်လွှတ်ကောင်း လွှတ်ပေးမယ့် သဘောထားမျိုး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုတဲ့အကြောင်း အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ သူ့ကို ဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့ ကျမတို့ တောင်းဆိုပါတယ်။ ကမ္ဘာပေါ်မှာ အာရှတိုက်ဟာ ထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ၃ ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒလိုင်းလားမား (Dalai Lama) နဲ့ လျူရှောင်ဘို (Liu Xiaobo) တို့ကို နေအိမ်အကျယ်ချုပ် ချထားတာ၊ ထောင်ထဲထည့်ထားတာ ဒါမှမဟုတ်ရင်လည်း ပြည်ပမှာ တိမ်းရှောင်နေကြရတ၊ တခုမဟုတ်တခု ဖြစ်နေရတဲ့ ဒေသတခု ဖြစ်နေတုန်းမို့ စိတ်မကောင်းစရာလည်း ဖြစ်ရပါတယ်။

“ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ မိတ်ဘက် တိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်လာတာနဲ့အမျှ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲဖို့၊ လူ့အခွင့်အရေး အကာအကွယ် ပေးသွားဖို့နဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးတက်အောင် လုပ်ဖို့လည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကုလသမဂ္ဂထဲက မဟာမိတ်တွေ၊ မိတ်ဆွေတွေ၊ တခြား လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်တာကိုလည်း မြင်တွေ့လိုတဲ့အကြောင်း ဝန်ကြီး ကလင်တန်က ပြောဆိုခဲ့တာပါ။

ရှေ့လာမယ့် နိုဝင်ဘာလကျရင် အာရှဒေသ ၄ နိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ဖို့ရှိတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ခရီးစဉ် အတွင်းမှာလည်း ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖွယ် ရှိတဲ့အကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ဒီတပတ်ထဲမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG