သုံးရလွယ်ကူစေသည့် Link များ

တသီးပုဂ္ဂလတွေ ရွေးကောက်ပွဲ အနိုင်ရမယ်လို့ မျှော်လင့်

  • ဦးကျော်ထင်

နိုဝင်ဘာ ၇ ရက် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ပြီး အရွေးခံကြမယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တချို့က ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့လို အင်အားကြီး ပါတီတွေနဲ့ ယှဉ်ရမယ် ဆိုပေမဲ့ အနိုင်ရမယ်လို့ ယုံကြည်နေကြပါတယ်။ လေ့လာသူ တချို့ကတော့ ဒီယူဆချက်တွေ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လွှတ်တော်အသီးသီးအတွက် ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၄ ယောက်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုန်သည်ကြီးများ ဟိုတယ်မှာ ဒီကနေ့ နေ့လယ် တွေ့ဆုံခဲ့ကြပါတယ်။ မဲဆန္ဒရှင်တွေဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်စွမ်း ရှိမယ်လို့လည်း သူတို့က ယုံကြည်နေကြပါတယ်။

အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မှာ ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ သန်းမြင့်က...

“ကျနော်တို့က လက်တွေ့ပေါ့လေ၊ လတ်တလော အစည်းအဝေးတက်ရင် ငွေ ၅၀၀ ပေးမယ်၊ လက်ဆောင်ပစ္စည်း ပေးမယ်ဆိုတဲ့ မူနဲ့ မသွားဘဲ ကျနော်တို့ ရောက်တဲ့အခါမှာ ကျနော်တို့ လက်တွေ့လုပ်နေတာ။ အခု ကျနော်တို့ ရွေးကောက်ခံမယ့် နေရာမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကလေးတွေ ကျောင်းထားတဲ့ ကိစ္စကို နှစ်စဉ်လုပ်နေတော့ ကျနော်တို့အပေါ် ပိုပြီး အမြင်ကြည်လင်ပါတယ်။”

ကိုယ်စားလှယ်လောင်း အများစုဟာ ကိုယ်စားပြုမယ့် ဒေသတွေမှာ လူမှုရေး လုပ်ငန်းတွေ နှစ်ရှည်လများ လုပ်ကိုင်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ပြည်ခိုင်ဖြိုးပါတီလို ငွေနဲ့ အခွင့်အလမ်းပေးပြီး စည်းရုံးစရာ မလိုဘူးလို့လည်း သူတို့က ဆိုပါတယ်။

မော်လမြိုင်မြို့နယ်က ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးလှရှိန်ကလည်း မဲဆန္ဒရှင်တွေအပေါ် ယုံကြည်နေပါတယ်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဆိုတာကလည်း တချိန်တုန်းက အုပ်ချုပ်ခဲ့ပြီးပါပြီ၊ လက်ရှိလည်း ပြည်ခိုင်ဖြိုးခေါ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း အထိုက်အလျောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမှာ ပါဝင် ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒီဟာတွေကို အကြောင်းကြောင်းကြောင့် အသစ် အသစ်တွေကို ခံစားချင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ ဒီ ၂ ခု မဟုတ်ဘဲ အသစ်ဆို တော်ပြီဆိုတဲ့ လူတန်းစားလည်း ရှိပါတယ်။ အဲဒီလို ပြည်သူလူထုတွေ ခံစားနေရတဲ့အတွက် အဆိုပါ အင်အားကြီး ပါတီများ အနိုင်ရသည်ဖြစ်စေ၊ အနိုင်မရသည်ဖြစ်စေ၊ လူထုကသာလျှင် နိုဝင်ဘာ ၇ ရက် ညနေမိုးချုပ်မှာ အဖြေထုတ်ပေးပါမယ်လို့ အခိုင်အမာ ယုံကြည်တဲ့အတွက်။”

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ လက်ရှိ အခြေအနေအရ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အနိုင်ရဖို့ ခက်မယ်လို့ သုံးသပ်ပါတယ်။

“တကယ်ကျတော့ Organization မရှိရင်တော့ သိပ်မလွယ်ပါဘူး။ Organization ရှိမှသာ လွယ်တာပါ။ အခု ရပ်ကွက်တွေမှာ အကုန်လုံး တစညက စည်းရုံးရေးတွေ ရှိနေတယ်။ ဒီဘက်က တော်တော် ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြား ရှိတဲ့လူတွေကသာ ကျော်လွှားနိုင်မယ်လို့ ယူဆတယ်။ သို့မဟုတ်ရင် မလွယ်ဘူး။ သာမန် လူမသိ၊ သူမသိတွေ ၀င်လို့တော့၊ ပိုက်ဆံရှိတဲ့၊ ငါးသိန်းပေးနိုင်တဲ့ ၀င်လိုက်မှာပဲဆိုတဲ့ သဘောမျိုးကြတော့ ဒါ သိပ်မလွယ်ဘူး၊ နိုင်ဖို့။ သူတို့ကတော့ ကိုယ့်ဘာသာကိုယ် နိုင်မယ် ထင်နေကြတာ။ ရွေးကောက်ပွဲ ၀င်မယ့်လူတွေက ဒီလိုချည်းပါပဲ။”

အခု တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက အချင်းချင်း ကွန်ယက်ဖွဲ့ လုပ်ကိုင်မှ အောင်မြင်မယ်လို့ ယုံကြည်နေကြသလို ရန်ကုန်တိုင်းကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စာလှယ်လောင်း ၈ ဦးကတော့ ဒီမိုကရက်ပါတီ (မြန်မာပြည်) နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်ထဲမှာ သဘောတူခဲ့ကြပါတယ်။

ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အခုလို ပူးပေါင်း လုပ်ဆောင်လာချိန်မှာ အင်အားကြီး ပါတီတွေ ဖြစ်ကြတဲ့ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တို့ကတော့ စောစောပိုင်းက မိတ်ဘက်လို့ ခန့်မှန်းခဲ့ကြပေမဲ့ လက်ရှိမှာ အဓိက ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။

၁၉၉၀ ခု ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၇ ဦး ယှဉ်ပြိုင်ခဲ့ပြီး ၆ ဦး အနိုင်ရခဲ့ပါတယ်။

XS
SM
MD
LG