သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ သတင်းယူရေး ပြည်တွင်း သတင်းသမားများ ဇဝေဇဝါဖြစ်


နိုဝင်လာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်ပ လေ့လာစောင့်ကြည့်သူတွေ၊ သတင်းမီဒီယာတွေကို လာရောက်ခွင့် မပေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ပြောကြားလိုက်ပါပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိနေတဲ့ သတင်းသမားတွေ အနေနဲ့ ရွေးကောက်ပွဲ ရက်တွေမှာ ဘယ်လို သတင်းယူခွင့် ရမလဲဆိုတဲ့ အခြေအနေတွေ ပေါ်မှာလည်း ရှင်းရှင်းလင်းလင်း ပြောပြသွားတာ မရှိလို့ သတင်းသမားတွေ အနေနဲ့ ရွေးကောက်ပွဲရက်မှာ သတင်းယူဖို့ အခက်အခဲတွေ ကြုံလာနိုင်တယ်လို့လည်း ပြည်တွင်း သတင်းထောက်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ ရွေးကောက်ပွဲရက် နီးလာပြီမို့ မဖြစ်မနေ ပြုလုပ်လိုက်ရတဲ့ သတင်းစာ ရှင်းလင်းပွဲ တခုလို့ သတင်းသမား အများစုက သုံးသပ်ကြပြီး အဲဒီအထဲမှာ အဓိကက ပြည်ပက ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်သူတွေ၊ ပြည်ပက သတင်းသမားတွေကို လာခွင့်မပြုတဲ့ အကြောင်းကိုသာ ထုတ်ပြန် ပြောဆိုသွားတာပါ။ ဒါပေမဲ့ ပြည်တွင်း သတင်းမားတွေ၊ ရွေးကောက်ပွဲ သတင်းယူရေး ကိစ္စကို မေးမြန်းရာမှာလည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရှင်းရှင်းလင်းလင်း ပြောသွားတာ မရှိဘူးလို့ ဒီသတင်းစာရှင်းလင်းပွဲကို သွားတက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက် တဦးက ပြောပါတယ်။

“နီးမှပဲ မဖြစ်မနေ လုပ်လိုက်ရတဲ့ သဘောပေါ့။ ဘယ်လိုမှ မလုပ်ရင်လည်း မကောင်းလို့။ မလုပ်လည်း မလုပ်ချင်ဘူး၊ ဒါပေမဲ့ မလုပ်လို့လည်း မကောင်းလို့ လုပ်လိုက်ရတယ်လို့ ထင်တယ်။ ဖြေတဲ့အဖြေက ဥပဒေအတိုင်း၊ ဥပဒေအတိုင်း ဆိုပြီးတော့ ဖြေသွားတဲ့ အတွက်ကြောင့်မို့ တချို့နေရာတွေမှာ ထိထိရောက်ရောက် ကျနော်တို့ သေချာ မသိရတဲ့ ဇဝေဇဝါ ကိစ္စွတွေ အများကြီးရှိတယ်။

“နောက်တခု အဆိုးဝါးဆုံးကတော့ ကျနော်တို့က election ကျင်းပနေတဲ့ ရက်မှာ ကျနော်တို့ သတင်းသမားတွေ ဘယ်လို သတင်းရယူမလဲဆိုတဲ့ကိစ္စ အရေးကြီးတာ ဖြစ်တဲ့အတွက် အဲဒီကိစ္စ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဆိုတော့ သတင်းသမားတွေ အနေနဲ့ အဲဒီနေ့ ရင်ဆိုင်ရမယ့် ကိစ္စက အခုချိန်ထိ မေးခွန်း ထုတ်နေရတုန်းပဲ။ ဘာမှ ချိန်ဆလို့မရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒီနေ့ သတင်းရယူဖို့ကိစ္စက ကျနော်တို့အတွက် ခက်ခဲနေပါသေးတယ်။”

တကယ်တော့ ရွေးကောက်ပွဲ ကျင်းပဖို့ ၁၈ ရက်သာ လိုပါတော့တယ်။ ဒီလိုအချိန်မျိုးမှာ သတင်းသမားတွေအတွက် တိကျတဲ့ ထုတ်ပြန်ချက်တွေ ရှိထားရမှာဖြစ်ပြီး ဒီလို ထုတ်ပြန်ချက်တွေ မရှိခဲ့ဘူးဆိုရင် နယ်မြေအလိုက် သက်ဆိုင်ရာ မဲရုံတာဝန်ခံတွေရဲ့ မတူညီတဲ့ အာဏာအသုံးပြုမှုတွေကြား သတင်းယူဖို့ ပြဿနာဖြစ်မှာ သေချာတယ်လို့လည်း ဆိုပါတယ်။

“Local Journal တွေရော၊ နိုင်ငံခြား သတင်းထောက်တွေရော လုပ်လို့ရတယ်ပေါ့၊ လောလောဆယ် ဒီလိုပဲ နားလည်တယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်နေတာက တကယ်တမ်း မြေပြင်မှာ သတင်းယူတဲ့ အခါကြတော့ သက်ဆိုင်တဲ့ မဲရုံအသီးသီးမှာ ရှိတဲ့ တာဝန်ယူတဲ့သူတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေက ခွင့်မပြုဘူးဆိုရင် ကျနော်တို့မှာ ခွင့်ပြုတဲ့ အနေအထား ပြနိုင်တဲ့ documents လည်း မရှိဘူး။ အဲတော့ ကျနော်တို့ဘက်ကို ပေးမထားတဲ့အတွက် တာဝန်ရှိတဲ့ သူတွေဘက်ကိုရော ပေးထားလားဆိုတော့ ပေးမထားတဲ့အတွက် ကျနော်တို့က ရှေ့တိုးလို့မရမှာ စိုးရိမ်တယ်။

“တကယ်တမ်း အဲဒီနေ့မှာ ကျနော်တို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မခန့်မှန်းတတ်ဘူး။ စိုးရိမ်လို့လည်း ကျနော်တို့ ဒီကိစ္စတွေကို ထပ်တလဲလဲ မေးတာပေါ့နော်။ မေးတဲ့အခါမှာ ဥပဒေအရ ခွင့်မပြုဘူးလို့ ပြောတယ်။ အပြင်မှာ ကျနော်တို့ ဦးသိန်းစိုးနဲ့ အလွတ်သဘော ထပ်ပြောတဲ့အခါကြတော့ သူတို့အနေနဲ့ ဒီလို ညွှန်ကြားထားတာ မရှိဘူး။ သတင်းယူလို့လည်း ရပါတယ်၊ ပေးပါတယလို့ ထပ်ပြီးပြောတယ်၊ အဲဒီကိစ္စကို။ တိတိကျကျ ညွှန်ကြားပေးဖို့ ပြောတဲ့အခါကြတော့ သူက အဲဒါကို တိတိကျကျ မတုံ့ပြန်ဘူး။”

တခါ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ပြုတဲ့ ကိစ္စအပေါ် သတင်းထောက် တဦးရဲ့ အမေးကို အတိအကျ မဖြေသွားသလို ကြံ့ခိုင်ရေး ပါတီကြီးက တခြား ပါတီငယ်လေးတွေအပေါ် နှိပ်ကွပ်နေတဲ့အပေါ် တရားစွဲဆိုထားတဲ့ အကြောင်းတွေကို ကော်မရှင်က ဘာဆက်လုပ်နေပါသလဲ ဆိုတဲ့ မေးခွန်းကိုလည်း အတိအကျ မဖြေသွားဘဲ ပါတီကြီး၊ ပါတီငယ်ဆိုတာ သတ်မှတ်ထားတာ မရှိတဲ့အကြောင်းသာ ပြောသွားတယ်လု့ိလည်း သူက ပြန်ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကိစ္စပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပေးတာ ဘာကြောင့်လဲဆိုပြီး မေးတော့ သူက ဥပဒေအတိုင်းပဲလို့ ပြောသွားတယ်။ မဲပေးခွင့် ပေးတဲ့ကိစ္စက ဥပဒေအတိုင်း ပေးတာဖြစ်တယ် ဆိုတော့ လည်နေတယ်၊ ကျနော်တို့ နားမလည်ဘူး၊ ဘာကို ဆိုလိုမှန်း မသိဘူး။ တိတိကျကျ မဖြေတာ အဲဒီတခုရှိတယ်။ သူတို့က ပါတီအားလုံးကို အတူတူပဲလို့ မြင်တယ်။ သူတို့မှာ ပါတီကြီး၊ ပါတီငယ်ဆိုပြီး အယူအဆ မရှိဘူး။ သူတို့အနေနဲ့ မျက်နှာလိုက်တာလည်း မရှိဘူးလို့တော့ ပြောသွားပါတယ်။”

တခါ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ အဖွဲ့နဲ့အတူ နိုင်ငံတကာ သံတမန်တွေကို ရွေးကောက်ပွဲရက် လေ့လာခွင့် ပေးမယ်လို့ စီစဉ်ထားတယ်ဆိုတဲ့ နေရာမှာလည်း ထုံးစံအတိုင်း ကြိုတင်ပြင်ဆင်ထားတဲ့ နေရာတွေကိုသာ ခေါ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဒါကတော့ သူတို့ စံပြရွေးချယ်ထားတဲ့ နေရာတွေ ရှိနိုင်ပါတယ်။ အဲဒီနေရာတွေပဲ အဓိက ခေါ်သွားလိမ့်မယ်လို့ ကျနော်တော့ မျှော်မှန်းမိပါတယ်။ ကျနော်တို့ လောလောဆယ် သူတို့ သတင်းလုပ်နေတဲ့ ပုံစံအရ နားလည်တာကတော့ မြို့ကြီးပြကြီးတွေမှာ၊ ရန်ကုန်နဲ့ အနီးတဝိုက်၊ မန္တလေးနဲ့ အနီးတဝိုက်ကျတော့ နဂိုကတည်းက မီဒီယာတွေနဲ့ နီးစပ်တယ်။ တခုခုဆိုလည်း သိလွယ်တယ်ပေါ့။ အဲဒီလို နေရာမျိုးတွေကြတော့ Transparency ရှိနိုင်တယ်လို့ ကျနော် မျှော်မှန်းတယ်။”

မနေ့က နေပြည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြုလုပ်တဲ့ရက်မှာ မဲရုံတွေနားမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်ကူးတာတွေလည်း မပေးဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

XS
SM
MD
LG