သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းထောက်တွေ အစိုးရ အစီအစဉ်နဲ့သာ သတင်းယူရမည်


ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းထောက်တွေ အစိုးရ အစီအစဉ်နဲ့သာ သတင်းယူရမည်
ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းထောက်တွေ အစိုးရ အစီအစဉ်နဲ့သာ သတင်းယူရမည်

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ ရွေးကောက်ပွဲသတင်း ရယူဖို့ နိုင်ငံခြား သံတမန်တွေနဲ့အတူ စစ်အစိုးရ အစီအစဉ်နဲ့ သွားရောက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်တွေက သတင်းထောက်တွေကိုလည်း စာပေစိစစ်ရေးက စီစဉ်ပေးတဲ့ကားနဲ့ မဲရုံတွေကို သွားရောက် သတင်းယူရမှာ ဖြစ်ပါတယ်။ မဲရုံထဲမှာလည်း ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။ သတင်းထောက်တွေကို သတင်းယူခွင့် ထိန်းချုပ်လိုက်တာကြောင့် ရွေးကောက်ပွဲ သတင်းတွေ မှန်မှန်ကန်ကန် ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ မြန်မာ သတင်းသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနက သတင်းထောက်တွေကို ရွေးကောက်ပွဲမှာ နိုင်ငံတဝန်းက ၁၈ နေရာကို သွားရောက် သတင်းယူရမယ်လို့ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းကို မနေ့ကပဲ စာနဲ့ အကြောင်းကြားပါတယ်။ သတင်းထောက်တွေက မြန်မာနိုင်ငံတွင်းက နိုင်ငံတကာ သံတမန်တွေနဲ့အတူ သွားရောက်ကြရမယ့်အပြင် မဲရုံအတွင်းမှာ ဓာတ်ပုံမရိုက်ရဘူးလို့လည်း အဲဒီစာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းအခြေစိုက် သတင်းထောက်တွေ ရွေးကောက်ပွဲသတင်း ယူဖို့လည်း စာပေစိစစ်ရေးက စာရင်းကောက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားတယ်လို့ ပြည်တွင်း ဂျာနယ်အယ်ဒီတာ တဦးက ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်ကနေ စိစစ်ရေးကို လှမ်းပြီး အကြောင်းကြားတယ်။ စိစစ်ရေးက သူတို့ စာရင်းကောက်ပေးတယ်။”

စာရင်းပေးထားတဲ့ သတင်းယူမယ့် သတင်းထောက်တွေအတွက် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ပေးတဲ့ကားနဲ့ သွားရောက် သတင်းယူရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သတင်းထောက်တွေကို သတင်းရယူခွင့် ထိန်းချုပ်ထားမယ်ဆိုရင် ရွေးကောက်ပွဲသတင်း မှန်မှန်ကန်ကန်၊ လွတ်လွတ်လပ်လပ် ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ မြန်မာ သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အမှန်အတိုင်း သတင်းပို့မှာကိုပဲ စစ်အစိုးရက ကြောက်တဲ့ အနေအထားမှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲတခု ဖြစ်လာရင် မသမာတဲ့ နည်းတွေနဲ့ မဲကို ရယူတာမျိုး၊ မဲထည့်ပြီးတဲ့ အခါမှာလည်း မသမာတဲ့နည်းနဲ့ မဲကို ရေတွက်တာမျိုး၊ မဲရုံတခုချင်းမှာ ရေတွက်ပြီးတဲ့ မဲတွေကို ဗဟိုကိုယူသွားပြီး ထုတ်ပြန်တဲ့ အခါမှာလည်း မသမာမှုတွေ ရှိနိုင်တယ်။

“ဆိုတော့ မသမာမှုတွေက နေရာတိုင်းမှာ ရှိနိုင်တဲ့ အနေအထားမျိုးမှာ အခုလိုမျိုး သူတို့ပြချင်တဲ့ နေရာလေးကိုပဲ ကွက်ပြီးပြမယ်၊ ပြီးတော့ ပြတဲ့လူတွေရဲ့ မှတ်ပုံတင်နံပါတ်တို့၊ နာမည်တို့ စသဖြင့် အဲဒါတွေကို ယူပြီးတော့ အဲဒီလူတွေကို နောက်ကွယ်ကနေ ထိန်းချုပ်ထားမယ်ဆိုရင် ဒီရွေးကောက်ပွဲကို သတင်းသမားတွေ အနေနဲ့ ဘယ်လိုနည်းနဲ့မှ တိတိကျကျ၊ လွတ်လွတ်လပ်လပ် လိုက်ပြီးတော့ သတင်းယူနိုင်မှာလည်း မဟုတ်ဘူး၊ သုံးသပ်နိုင်မှာလည်း မဟုတ်ပါဘူးခင်ဗျ။”

နိုင်ငံခြား သတင်းဌာနတွေမှာ တာဝန် ထမ်းဆောင်နေသူတွေကတော့ သံတမန်တွေနဲ့ သတင်းထောက်တွေကို လိုက်ပါဖို့ စီစဉ်လိုက်တာက ရွေးကောက်ပွဲကို အများလက်ခံ ယုံကြည်စေဖို့ သတင်းထောက်တွေကို အသုံးချမှု တမျိုးလို့ မြင်ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံတကာက လာရောက်မယ့် နိုင်ငံခြား သတင်းထောက်တွေနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကို ရွေးကောက်ပွဲမှာ လာရောက်ခွင့် ပိတ်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတွင်းက နိုင်ငံခြား သတင်းဌာနတွေက သတင်းထောက်တွေကို ရွေးကောက်ပွဲမှာ သတင်းယူခွင့်ပေးမယ်၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား သံတမန်တွေနဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ရွေးကောက်ပွဲမှာ သွားရောက် လေ့လာခွင့် ပေးမယ်လို့ စစ်အစိုးရက ပြောခဲ့ပြီး အခု သူတို့အစီအစဉ်နဲ့ပဲ သွားရမယ်လို့ ထပ်မံ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG