သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ ကချင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံရ


တသီးပုဂ္ဂလ ကချင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံရ
တသီးပုဂ္ဂလ ကချင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံရ

ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခွင့် မရခဲ့တဲ့ KSPP ကချင်ပြည်နယ် တိုးတက်ရေးပါတီကနေ တသီးပုဂ္ဂလတွေအဖြစ် ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်ခဲ့တဲ့ ဒေါက်တာတူးဂျာ အပါအဝင် အားလုံးကို ရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ အပယ်ခံရသူ တသီးပုဂ္ဂလ ကချင်ကိုယ်စားလှယ်လောင်း တဦးက အတည်ပြုပြောပါတယ်။ သူတို့ကို ငြင်းပယ်လိုက်ပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက တင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ အတည်ပြု လက်ခံလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို တရားဝင် ပါတီအဖြစ် ခွင့်မပြုတဲ့အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အဖြစ် ဝင်ပြိုင်ဖို့ စာရင်းတင်ထားတဲ့ ဒေါက်တာတူးဂျာ အပါအဝင် ပါတီခေါင်းဆောင် ၁၂ ယောက်ကို တစုံတရာ အကြောင်းပြချက် မပေးဘဲ ပယ်ချလိုက်တာလို့ KSPP အဖွဲ့ဝင် ခေါင်းဆောင်ဟောင်း တယောက်က ကချင်လို ပြောပါတယ်။

“ဒီနေ့ အားလုံးပယ်လိုက်ပြီ၊ အပြတ် ပယ်လိုက်ပြီ။ ဘာကြောင့် မရတာလဲ မသိဘူး၊ ဘာမှလည်း မပြောဘူး။ မရဘူးဆိုပြီး ပယ်ချလိုက်တယ်။ ဘာမှလည်း မသိပါဘူး။”

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကတော့ မှတ်ပုံတင်ခွင့် မပြုခင်ကတည်းက ကချင်ပြည်နယ် တဝန်းမှာ စည်းရုံးရေးတွေ လုပ်ခဲ့တာပါ။

မှတ်ပုံတင်လျှောက်ခွင့် ပြုတဲ့အခါမှာတော့ အရင်ဦးဆုံး မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီတွေထဲမှာ ပါပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ကျလာဖို့ကို စောင့်စားခိုင်းတဲ့အတွက် တလျှောက်လုံး စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခွင့်ပြုတဲ့ရက် ကုန်ခါနီးအထိ မှတ်ပုံတင်ခွင့် မကျလာတဲ့အတွက် ပါတီခေါင်းဆောင် ၁၂ ယောက်က တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲဝင်ခွင့် လျှောက်ထားခဲ့တာပါ။

တဘက်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေ ဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) ကိုတော့ မှတ်ပုံတင်ခွင့် ပြုရုံမက စာရင်းတင်သွင်းတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ၉ ယောက်စလုံးကို ရွေးကောက်ပွဲဝင်ခွင့် ပြုလိုက်တယ်လို့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်က ပြောပါတယ်။

“ကျပါပြီ၊ ၉ ဦးလုံး ကျပါတယ်။ ခုတော့ ကျနော်တို့ မိမိတာဝန်ကျတဲ့ နယ်မြေတွေမှာ ကွင်းဆင်းဖို့ အစီအစဉ်လေးတွေ ဝိုင်းဝန်းကြပါတယ်၊ ကိုယ့်ဟာကိုယ်ပေ့ါ။ ကျနော်တို့ဘက်ကလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေ မူဘောင်အတွင်းကနေ လုပ်တာပါ။ အဲဒီတော့ မူဘောင်အတွင်းထဲမှာ ကျနော်တို့အားလုံး တနည်းရရှိအောင် အစိုးရကိုပေ့ါလေ အမျိုးမျိုး စီစဉ် ဆောင်ရွက်ရတာပေ့ါနော။ ဒီဘောင်အတွင်းထဲမှာ အားလုံးက ပူးပေါင်းလုပ်လိုက်တဲ့ အခါကျတော့ တနည်းအားဖြင့် အားလုံးကျသွားတဲ့ သဘောပါပဲ။ ကျန်တာကတော့ အစိုးရအနေနဲ့ စီးပွားရေး အခွင့်အရေး ပေးတာတော့ မရှိပါဘူး၊ အားလုံး တပြေးညီပါပဲ။ ကျန်တဲ့ပါတီတွေနဲ့ အားလုံး အတူတူပါပဲ။”

ဒီလိုအခြေအနေမှာတော့ ကချင်လူထု မျှော်လင့်ထားခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တဦးတယောက်မှ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

UDPKS ပါတီက ကချင်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ဝင်နိုင်တယ် ဆိုပေမဲ့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ဖြစ်တာကြောင့် ကချင်လူထု အများစုကတော့ သူတို့ကို ကိုယ်စားပြုတယ်လို့ မခံစားကြပါဘူး။

XS
SM
MD
LG