သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တိုးတက်ရေးပါတီ ခေါင်းဆောင်များ တသီးပုဂ္ဂလအဖြစ် ၀င်ရွေးမည်


မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းစာရင်း တင်ပြဖို့ သတ်မှတ်ထားတဲ့အချိန် ဒီကနေ့ နောက်ဆုံးဖြစ်ပါတယ်။ ခုချိန်ထိ တရားဝင် ပါတီဖွဲ့ခွင့် လျှောက်ထားတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို ချပေး၊ မချပေး တစုံတရာ အကြောင်းကြားလာတာ မရှိတဲ့အတွက် ပါတီရဖို့ မမျှော်လင့်တော့ဘူးလို့ KSPP ပါတီ အရာရှိတယောက် ပြောပါတယ်။ ဒါပေမဲ့ တရားဝင်ပါတီ မချပေးပေမဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ပါဝင်ယှဉ်ပြိုင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မနူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ဟာ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ယှဉ်ပြိုင်ခွင့် မရတော့ပေမဲ့ ဒေါက်တာတူးဂျာ အပါအ၀င် ၁၂ ယောက်က တသီးပုဂ္ဂလ အနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ KSPP ခေါင်းဆောင်တယောက်က ပြောပါတယ်။

“ရွေးကောက်ပွဲမှာတော့ ကျနော်တို့ဟာ မချပေးဘူးဆိုတော့ ဘယ်လိုမှ ၀င်ပြိုင်ဖို့ရာ မရှိတော့ဘူးလေ။ ဒါပေမဲ့လည်း ကျနော်တို့ KSPP က တချို့လူတွေကတော့ ပြည်သူလူထုရဲ့ တောင့်တမှု၊ တောင်းဆိုမှု အပေါ်မှာ မူတည်ပြီးတော့ တသီးပုဂ္ဂလ အနေနဲ့ ပြန်လျှောက်လို့ရတယ် ဖြစ်တဲ့အတွက်ကြောင့် တချို့တွေက တသီးပုဂ္ဂလ အနေနဲ့ ပြန်ပြီးတော့ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မနေ့က အသီးသီး အားလုံး လျှောက်လွှာတင်ထားပြီ ဆိုတာတော့ ရှိတယ်လေ။”

KSPP ကို မျှော်လင့်ပြီး အားပေးထောက်ခံတဲ့ ကချင်ပြည်သူလူထုတွေက အခု အစိုးရက ပါတီဖွဲ့ခွင့် မပေးတော့တဲ့အခါမှာ ဘယ်ပါတီကို ဆက်ပြီး မဲပေးရမယ်ဆိုတာ မသိတဲ့အတွက် တသီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်ခွင့် နည်းလမ်းကို လူထုအားပေး ထောက်ခံမှုနဲ့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

KSPP ဟာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ဘာမှ ပတ်သက်မှု မရှိပေမဲ့ အခုလို ပါတီမချပေးတာဟာ KIO ရဲ့ အသွင်ပြောင်း မပြောင်းနဲ့ ပတ်သက်မှု ရှိနေတဲ့အတွက် မချပေးတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်မိတယ်လို့ ဆက်ပြောပါတယ်။

“အစိုးရအနေနဲ့ ပြောတာပဲ ကျနော်တို့ နောက်ကွယ်မှာ KIO ရှိတယ်။ KIO က ကြိုးကိုင်ထားတယ်။ KIO နဲ့ ပတ်သက်နေတယ် ဆိုပြီးတော့ အဲဒီလို စွပ်စွဲထားတဲ့ ဟာတွေပေါ့။ အသွင်ကူးပြောင်းရေးကို KIO အနေနဲ့ လက်ခံတယ် ဆိုရင်တော့ ကျနော်တို့ကို ချပေးမယ်လို့ အတိအလင်း ပြောခဲ့ပြီးသားလေ။ KIO ကနေပြီးမှ အသွင်မပြောင်းဘူး ဆိုရင်တော့ KSPP ကိုလည်း လုံးဝ မချပေးဘူးလို့ ပြောထားတာ ရှိတယ်လေ။

“KSPP အနေနဲ့ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးပါဝင်ဖို့ ဖိတ်ခေါ်တဲ့ အထဲမှာ ကျနော်တို့လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့က ပါဝင်ဖို့အတွက် ပြင်ဆင်ထားပြီးဖြစ်တယ်။ ပြင်ထားပြီးတဲ့နောက်မှ အခုလို ပြန်မကျလာဘူး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ၊ သိပ် ၀မ်းနည်းတယ်ပေါ့ဗျာ။

“ဒါပေမဲ့လည်း ဒီတကြိမ် ဒီတခါမှာ မပါဝင်ပေမဲ့လည်း ဒုတိယအကြိမ်လောက်မှာ ပါဝင်နိုင်အောင် ကျနော်တို့ ဘာတွေ ဆက်လုပ်ကြရမှာလဲ ဆိုတာကတော့ ရှေ့ဆက်ပြီး လုပ်ရမယ့် လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်လုပ်ဦးမှပဲ သိရမှာ ဖြစ်တယ်။”

ပါတီမရှိတော့တဲ့အတွက် တသီးပုဂ္ဂလ ပုံစံမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရမှာ ဖြစ်သလို ကိုယ်တိုင်ကိုယ်ကျ စည်းရုံးတဲ့ နေရာမှာ အစကနေ ကြိုးစား ရုန်းကန်သွားရမယ်လို့ ပြောပါတယ်။

အခုလို ကချင်ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု အများအပြား ရထားတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ပါတီချမပေးတဲ့အပေါ်မှာ နစ်နာမှုကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်တဲ့ ကချင်လူထုနဲ့ စစ်အစိုးရကြားမှာ နိုင်ငံရေး ပြဿနာတွေ ပိုပြီး ကြီးထွားလာနိုင်တယ်လို့ ထိုင်းအခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။

“အဓိက နစ်နာမှုကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်တဲ့ ကချင်လူထုနဲ့ လူများစု ဗမာတွေ ဦးဆောင်တဲ့ စစ်အစိုးရ ကြားထဲမှာ ရှိနေတဲ့ နိုင်ငံရေး ပြဿနာတွေကို အေးချမ်းသော နည်းလမ်းအားဖြင့်၊ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းအားဖြင့် စားပွဲပေါ်မှာ မျက်နှာချင်းဆိုင် တိုင်ပင်ဆွေးနွေးပြီးမှ အဲဒီလို ညှိနှိုင်း အလျှော့အတင်း လုပ်ပြီးမှ ဖြေရှင်းလို့ မရဘူး ဆိုတဲ့ဟာကို ခုအခြေအနေက ပြလာခြင်းဖြစ်တယ်။ အဲဒါကြောင့်မို့ နိုင်ငံရေး ပြဿနာတွေက ပိုပြီးမှ ကြီးထွားလာနိုင်တယ်။ တိုင်းပြည်က ပြဿနာတွေက ပိုပြီး နက်နဲလာနိုင်တယ် ဆိုတဲ့ဟာကို မြင်ပါတယ်။”

KSPP ပါတီကို မှတ်ပုံတင်ခွင့် ချမပေးပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်ပါတီဖြစ်တဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) UDPKS ကတော့ မဲဆန္ဒနယ် ၉ နေရာမှာ ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်း တင်သွင်းထားပါတယ်။

XS
SM
MD
LG