သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာဆန်း ကျင်းပဖွယ်ရှိ


၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ဆန္ဒမဲပေးစဉ်။
၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ဆန္ဒမဲပေးစဉ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လာမယ့်နှစ် အောက်တိုဘာလကုန် ဒါမှမဟုတ် နောက်အကျဆုံး နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြောဆိုပါတယ်။ ဒီကြေညာချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဒီကနေ့ ရန်ကုန်မြို့၊ မီကာဆာဟိုတယ်မှာ တွေ့ဆုံဆွေးနွေးပြီး ၂၀၁၅ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဒီလအစောပိုင်းက လူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက တပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ပြီး နိုင်ငံရေးတည်ငြိမ်မှ ၂၀၁၅ ရွေးကောက်ပွဲက ရေရာမယ်လို့ ထည့်သွင်းပြောကြားခဲ့တာကြောင့် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းမလားဆိုပြီး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ကျင်းပမယ့်အချိန်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အခုလို အတည်ပြုပြောဆိုပါတယ်။

“ရွေးကောက်ပွဲကျင်းပဖို့လား၊ ရှေ့နှစ်အကုန် အောက်တိုဘာ နောက်ဆုံးအပတ်၊ သို့မဟုတ် နိုဝင်ဘာ ပထမပတ် အဲလောက်မှာ လုပ်ဖြစ်လိမ့်မယ်။”

ဒီကနေ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေလိုက်နာရမယ့် ကျင့်ဝတ်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့လည်း ဦးကိုကိုက ပြောပါတယ်။

“--- CSO တွေနဲ့ ဆွေးနွေးတာ။ ပထမ တချက်က တနိုင်ငံလုံး အခြေခံ မဲဆန္ဒနယ်စာရင်းပြုစုမယ်၊ ပြုစုမယ့်လုပ်ငန်းစဉ်အတွက် လုပ်ငန်းစဉ် မူကြမ်းလေး ဆွဲထားတယ်။ အဲဒီလုပ်ငန်းစဉ်ကိုရောက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ CSO အဖွဲ့တွေကို ချပြတယ်။ ရှင်းလင်းပြီးချပြတယ်။ CSO တွေက ဒါကို အကြံဉာဏ်ပြုကြတယ်၊ ဆွေးနွေးကြတယ်။ ဒုတိယအချက်က Observer တွေအတွက် Code of Conduct ဆွဲဖို့ ဖိတ်ထားပါတယ်။ အဲဒါလည်း ဝိုင်းပြီးဆွေးနွေးကြတယ်ပေါ့။”

ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပညာတံခွန်လူမှုရေးကွန်ယက်က ဦးမြင့်အောင်မိုးက ၂၀၁၅ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် မီဒီယာတွေကို ပြောဆိုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ ဥက္ကဋ္ဌကြီးကိုယ်တိုင်…၊ မီဒီယာရှေ့မှာလည်း ပြောသွားပါတယ်။ ၂၀၁၅ အစောဆုံးအောက်တိုဘာနောက်ဆုံးပတ်နဲ့ နောက်အကျဆုံး နိုဝင်ဘာ ပထမပတ်မှာ လုပ်ဖြစ်အောင်လုပ်မယ်လို့ သူကိုယ်တိုင်ကလည်း ပြောသွားပါတယ်။”

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေလိုက်နာရမယ့် ကျင့်ဝတ်တွေကိုဆွေးနွေးတာကိုတော့ ဦးမြင့်အောင်မိုးက အခုလို ဆက်ပြောပါတယ်။

“အဓိက ကတော့ ဘယ်အချက်တွေကိုတော့ ကျနော်တို့ဘက်က လိုက်နာရမယ်ပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို မဖောက်ဖျက်တဲ့အချက်တွေပဲ အတော်များပါတယ်။ ကျနော်တို့ Observer တွေရဲ့လုပ်ပိုင်ခွင့်တွေပေါ့။ ဘယ်အတိုင်းအတာအထိ ကျနော်တို့ လုပ်လို့ရမလဲ၊ ကျနော်တို့ CSO တွေကနေပြီးတော့မှ ဘယ်အချက်တွေကတော့ ပါဝင်သင့်တယ်ပေါ့။ အဲဒီအချက်တွေကို ဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်တွေမှာ သူတို့က တချို့ကိုလည်း လက်ခံတယ်။ ဒီနေ့ကတော့ final မဟုတ်သေးဘူးလေ၊ နောက်တကြိမ်တွေ့ပြီး ဆွေးနွေးရအုံးမှာ ဆိုတော့ နောက်ထပ် နှစ်ကြိမ်လောက်ဆိုရင်တော့ Code of Conduct final ထွက်လာလောက်ရောပေါ့။ ”

ဒီအချက်တွေမှာတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က ဘက်မလိုက်ဖို့၊ အစိုးရသီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်ဖို့၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် မစွက်ဖက်ဖို့၊ လျှို့ဝှက်မဲပေးတဲ့စနစ်ကို မထိခိုက်စေဖို့ စတာတွေပါဝင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို လာရောက်ဖို့ကိုလည်း လက်ခံထားတယ်လို့ ပြောပါတယ်။

“International Observer တွေကိုတော့ သူတို့ ဖိတ်ခေါ်ထားတယ်။ Long Time လာမယ့်အဖွဲ့တွေကိုလည်း Long time လက်ခံထားတယ်။ Short time လာမယ့်အဖွဲ့တွေကိုလည်း Short time လက်ခံထားတယ်။ လက်ခံမယ့်အပိုင်းကတော့ အစိုးရအပိုင်းပေါ့။ ပြည်ဝင်ဗီဇာတို့ ဘာတို့ကျတော့ သူတို့နဲ့မဆိုင်ဘူးပေါ့။ သူတို့ကတော့ လက်ခံပြီးပြီ။ ကျန်တဲ့အပိုင်းကိုတော့ International Observer တွေက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးတို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နဲ့ဆက်သွယ်ပြီး ဆောင်ရွက်ရမယ့် အကြောင်းပဲ။ ဒါပေမယ့် ဥက္ကဋ္ဌကြီးပြောတဲ့အထဲလည်း ထည့်ပြောသွားပါတယ်။ အဓိက ကတော့ Observer ကို အလေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ သည် သူတို့အတွက် တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်ဆိုတာ ပြဖို့အတွက် ပြည်တွင်း Observer တွေရော International Observer တွေကိုပါ အလေးထားပြီးတော့ ဖိတ်ခေါ်ထားပါတယ်။”

ဒီကနေ့တွေ့ဆုံပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေအပါအဝင် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG