မွန်ပြည်နယ်ဘက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မဲမသမာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မဲလုယူမှုတွေ၊ မဲလိမ်မှုတွေနဲ့ မဲထိန်ချန်မှုတွေ လုပ်ဆောင်နေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့လည်း ဒီပြဿနာကို ဖြေရှင်းပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။ တချို့နေရာတွေမှာတော့ မဲရုံမသွား၊ မဲမပေးဘဲ နေကြတဲ့ အခြေအနေတွေ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်က တင်ပြပေးထားပါတယ်။
မွန်ပြည်နယ် အတွင်းမှာဆိုရင် ဒီကနေ့ မနက် ၆ နာရီမှာ မဲဆန္ဒပေးဖို့ မဲရုံကို စတင်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ဆန္ဒမဲပေးတဲ့ နေရာမှာ ကြံ့ဖွံ့ပါတီက မသမာမှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာမဲရုံမှာလည်း ကြံ့ဖွံ့ပါတီဝင်တွေက မဲလုယူမှု ရှိနေတယ်လို့ လေ့လာစောင့်ကြည့်သူ ဒေသခံတဦးက ပြောပါတယ်။
“အခုဟာ မုဒုံ၊ ကော့ခလွယ်ကျေးရွာမှာလည်း အဲလိုပဲ ပြည်ခိုင်ဖြိုး ပါတီဝင်က နေပြီးတော့ မဲပေးတဲ့သူဆီကနေ မဲလက်မှတ်တွေ လုယူပြီးတော့ ပြည်ခိုင်ဖြိုးပါတီ နေရာမှာ ခြစ်ပြီးတော့ မဲထည့်တာလို့ လူတွေက ပြောတာပေါ့။ အတင်းလုယူတဲ့ ပုံစံမျိုး ရှိတာပေါ့။ မနက် ၇း၄၀ အချိန် ညောင်ကုန်း မဲရုံအမှတ် ၂ မဲစစ်ဆေးထုတ်ပေးသူ တဦးဖြစ်တဲ့ ဒေါ်ဌေးလှကနေပြီးတော့ မဲပေးမယ့် လူတွေကို ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ တိုက်တွန်းတယ်။”
မုဒုံမြို့နယ် ကမာဝက် ကျေးရွာမှာလည်း မဲပေးပိုင်ခွင့်ရှိသူ လူ ၂,၅၀ဝ ကျော်ကို ၁,၀ဝ၀ ကျော်လောက်ပဲ မဲပြားတွေ ထုတ်ပေးပြီး ကျန်တဲ့ ၁,၂၀ဝ ကျော်ကို မဲပြားမပေးတော့ဘဲ ကြံ့ဖွံ့မဲအဖြစ် အသုံးပြုခဲ့တယ်လို့ လေ့လာစောင့်ကြည့်တဲ့ သူတွေက ပြောပါတယ်။ ထို့အတူ မုဒုံမြို့နယ် ကျုံဖိုက်ဘက်မှာလည်း မဲရုံတွေမှာ ကြံ့ဖွံ့ပါတီဝင် ၅၀ ကျော် ဝင်ရောက် နေရာယူထားပြီးတော့ မဲတွေကို အတင်း ခြစ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ကို မွန်ပါတီကနေ မြို့နယ်ကော်မရှင်ရုံးကို တိုင်ကြားခဲ့ပေမဲ့ အချင်းချင်း ညှိကြလို့သာ ပြောပြီး ခေါင်းရှောင်သွားခဲ့တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်တဦးက ပြောပါတယ်။
အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ မဲဆန္ဒနယ်မှာလည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲပေးထားတဲ့ မဲပြား ၅၀ဝ လောက် ပျောက်ဆုံးနေတယ်ဆိုပြီး ပါတီဝင်တဦးက အခုလို ပြောပါတယ်။
“ပျောက်တယ်ဆိုတာက ကျနော်တို့ မွန်ပါတီကို ပေးမယ့် မဲအရေအတွက်ကို ဆိုလိုတာနော်။ အဲဒါ မုဒွန်းရွာမှာဗျ၊ ချောင်းဆုံမြို့နယ် မုဒွန်းရွာက နေပြီးတော့ သူတို့က မဲပေးနိုင်တဲ့ လူဦးရေ အယောက် ၅၀ဝ ကျော်ကျော်ပေါ့၊ လက်မှတ် ၅၀ဝ ကျော်ကျော်ပေါ့နော်၊ အဲဒါကို ပျောက်နေတယ်လို့၊ အဲဒါ ကျနော်ထင်တာတော့ သက်ဆိုင်တဲ့ မဲရုံကြီးကြပ်တဲ့သူပဲ ဖြစ်မှာပါ။”
မွန်ပြည်နယ် ကျိုက်မရောမြို့မှာရှိတဲ့ ကျိုက်ပရံကျေးရွာ မဲရုံမှူးတွေရဲ့ လုပ်ရပ်တွေကို မွန်ဒေသလုံးဆိုင်ရာ ပါတီဝင်တဦးက ပြောပါတယ်။
“ကျိုက်မရောဘက်ကကျတော့ ကျနော်တို့ ဒီမှာ ပါတီရဲ့ ကိုယ်စားလှယ် မဲရုံစောင့် တယောက်ကို ကော်မရှင်က ထုလိုက်တဲ့ စည်းတံဆိပ် မထင်ရှားလို့ ဆိုပြီးတော့ မဲရုံထဲကို မဝင်ဘူးပေါ့။ ကျိုက်ပရံရုံး မဲရုံအမှတ် ၂ မဲရုံစောင့် ကိုယ်စားလှယ် တယောက်ကို ကော်မရှင်က သူ့ရဲ့ စည်းတံဆိပ် မပီပြင်လို့ ဆိုပြီးတော့ ပေးမဝင်ဘူးပေါ့။”
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ ကရင်ကျေးရွာ ၁၂ ရွာခန့်က ရွာသားတွေကို မဲဆန္ဒပေးရန်အတွက် စကခ ၁၉ လက်အောက်ခံ အမှတ် ၁ နည်းဗျူဟာမှူး ခင်မောင်ချိုကနေ ညွှန်ကြားချက် ပေးလာခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ ကရင်ရွာဖြစ်တဲ့ ကလို့တုတ်၊ ဝယ်ပေါ်၊ ရွာကလေး၊ တပင်တိုင်၊ ဘဲလမု၊ ဘူတော၊ ဝဲတလဲ့၊ စောကျော၊ ဝက်သဲဖြူ၊ အစရှိတဲ့ ရွာသားတွေဟာ မဲဆန္ဒတွေ လုံးဝမပေးဘူးလို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
ဒီကနေ့ ညနေပိုင်း မဲပေးတဲ့ အချိန်အထိတော့ မွန်ပြည်နယ်အတွင်းမှာ ဆိုရင် ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့မှာ ကြံ့ဖွံ့ပါတီတွေက မဲမသမာမှုတွေ အများအပြား ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံ လေ့လာ စောင့်ကြည့်တဲ့ သူတွေက ပြောပါတယ်။ မော်လမြိုင်မြို့နဲ့ သံဖြူဇရပ်မြို့ပေါ်တွေမှာလည်း မဲမသမာမှုတွေ ပြုလုပ်နေဆဲလို့ ဒေသခံတွေက ပြောနေပါတယ်။
အလားတူ မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် ဘက်မှာလည်း မဲရုံတွေမှာ စစ်တပ်တွေ တိုးချထားပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ပြောပါတယ်။