သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မမျှတရင် အမျိုးသား သင့်မြတ်ရေး အကျိုးမရှိနိုင်


အခုနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တခြား တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာဖို့ အလားအလာ မကောင်းနိုင်ဘူးလို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့ကလည်း ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ ပြောဆိုသံတွေ ထွက်ပေါ်နေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အစိုးရ အာဏာတည်မြဲဖို့အတွက် ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ စာရင်းတွေကို ထုတ်ပြန် ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ အဆင့်အတန်းမီဖို့ အများကြီး လိုသေးတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် National Democratic Institute အဖွဲ့က အကြီးတန်း အကြံပေး မက်သရူး ဖရူမင် (Matthrew Frumin) က ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအရ တခြား တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာဖို့အတွက် အလားအလာ မကောင်းနိုင်ဘူးလို့ ဗွီအိုအေကို ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ လုံး၀ မရှိတာထက်စာရင် အခုလို ရွေးကောက်ပွဲ ရှိတာက မကောင်းဘူးလား ဆိုတဲ့အပေါ်မှာတော့ သူက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ လုပ်တိုင်းတော့ နိုင်ငံရေးအရ ရှေ့ကို တိုးတက် ဖြစ်ထွန်းလာတယ်လို့ ပြောလို့မရပါဘူး။ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုရင်တော့ တိုင်းပြည်ရဲ့ ရှေ့အလားအလာက ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို တရားမမျှတတဲ့ ရွေးကောက်ပွဲက ပြည်သူလူထု မျှော်လင့်နေတဲ့ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရ ထွက်ပေါ်လာမယ့် အခွင့်အရေးကို တားဆီးလိုက်နိုင်တာကြောင့်ပါ။”

နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့ ဘယ်စနစ်ပဲဖြစ်ဖြစ် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သူမရဲ့ ရှေ့နေတွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့စဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လက်မခံနိုင်တဲ့အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ဘဲ သပိတ်မှောက်ခဲ့ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ တခုလုံးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတချို့ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် နည်းလွန်းတာ၊ ကန့်သတ်မှုတွေ ရှိနေတာ၊ ထောက်လှမ်းရေး အာဏာပိုင်တွေက ဖိအားပေး နှောင့်ယှက်တာတွေအပြင် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် လုပ်ဆောင်နေတာတွေကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ ဆိုနေကြပါတယ်။ ဒါ့အပြင် ဝေဖန်သူတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အစိုးရ သက်တမ်းရှည်အောင် ရေးဆွဲထားတာ ဖြစ်တယ်လို့ ထောက်ပြ နေကြပါတယ်။ ဒီအချက်အပေါ်မှာ မက်သရူး ဖရူမင်ကလည်း ထောက်ခံပါတယ်။

“ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုပိုင်းကို စစ်တပ်အတွက်ပဲ ထားထားတဲ့ ရည်မှန်းချက်မျိုးကို ရှင်းရှင်းလင်းလင်း ပြောထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ဥပဒေပြု လွှတ်တော်တိုင်းမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၂၅% ကို နေရာပေးတာ အပါအဝင် စစ်တပ်ရဲ့ ဦးဆောင်မှုကို ပုံစံအမျိုးမျိုးနဲ့ အထောက်အကူတွေ ပေးနေပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ရည်ရွယ်ချက်က အစိုးရရဲ့ အာဏာကို စစ်တပ်က ဆက်ပြီးတော့ ထိန်းထားဖို့ဆိုတာ ရှင်းနေပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် အမှန်တကယ် ရွေးချယ် ဆုံးဖြတ်နိုင်မယ့် အခြေအနေမျိုးကို ဖန်းတီးဖို့ နိုင်မှာ မဟုတ်ပါဘူး။”

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ ရှိမှာဖြစ်ပြီး ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၁၁၀ ပါဝင်မှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်အတွက် အမတ်နေရာ ၂၂၄ နေရာမှာတော့ ၁၆၈ နေရာအတွက် ယှဉ်ပြိုင် အရွေးခံရမှာ ဖြစ်ပြီး ၅၆ နေရာကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ စာရင်းတွေကို သြဂုတ်လ ၁၂ ရက်နေ့ ကြာသပတေးနေ့က အစိုးရပိုင် သတင်းစာတွေကနေ တဆင့် ထုတ်ပြန် ကြေညာခဲ့တာပါ။ အခုလို ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က သတ်မှတ် ပြဋ္ဌာန်းလိုက်ပေမဲ့လည်း ရွေးကောက်ပွဲကို ဘယ်နေ့ဘယ်ရက်မှာ ကျင်းပမယ် ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

XS
SM
MD
LG