နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ သတင်းတွေကို စာပေစိစစ်ရေးက ဖော်ပြခွင့် မပေးဘဲ ပယ်ချခံရတာဟာ ဘယ်ခေတ် ဘယ်ကာလကမှ မကြုံခဲ့ရဘူးတဲ့ အဆိုးဆုံး သတင်း ဖိနှိပ်ခံရမှုကြီးပဲလို့ ဝါရင့် သတင်းစာ ဆရာကြီးတွေက ပြောပါတယ်။ မဲရလဒ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ အင်တာဗျူးတွေ အပါအဝင် မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေအကြောင်း ပါဝင်တဲ့ သတင်းတွေအားလုံး ပယ်ချခံရတာမို့ သတင်းထောက်တွေလည်း အတော်လေး စိတ်ပျက်ခဲ့ကြရပါတယ်။ ဒီရွေးကောက်ပွဲသတင်း ကန့်သတ်ခံရမှု အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
နိုဝင်ဘာ ၇ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ သတင်းတွေကို အပြေးအလွှား သတင်းတွေယူ၊ နေ့မအိပ် ညမအိပ် သတင်းတွေရေးပြီး ဖော်ပြဖို့ ကြိုးစားခဲ့ကြတဲ့ သတင်းထောက်တွေအဖို့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြရတာပါ။ လတ်တလော သိနေရပြီဖြစ်တဲ့ မဲရလဒ်သတင်းတွေ၊ ပါတီကိုယ်စားလှယ်တွေရဲ့ သဘောထားတွေနဲ့ အတူ တခြား ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးကြတဲ့ သတင်းတွေအားလုံး စာပေစိစစ်ရေးက ပယ်ချလိုက်ပြီလို့ သတင်းထောက်တဦးက ပြောပါတယ်။
“ဘယ်လိုဟာတွေ ပယ်ချလဲဆိုတော့ Candidates တွေ အင်တာဗျူးတယ်၊ မဲလာထည့်တဲ့လူတွေ အင်တာဗျူးတယ်၊ အဲဒီဟာတွေ အကုန်လုံး ပြုတ်တယ်။ အင်တာဗျူးတွေ အကုန်ပြုတ်တယ်။ အဲဒီနေ့သတင်းတွေ အကုန်ပြုတ်တယ်။ မဲရုံတွေ ခြောက်ကပ်နေတဲ့အကြောင်း၊ ပြီးတော့ မြို့နယ်ကော်မရှင်က ကြေညာလိုက်တာ ဘယ်သူ ဘယ်သူနိုင်တယ်ဆိုပြီး ကြိုသိတဲ့ဟာ အဲဒါတွေပါ ကျနော်တို့က အကုန်လုံးတင်တယ်။ အဲဒါတွေ အကုန်ပြုတ်တယ်။ ဘာမှမပါဘူး၊ ပါတယ်ဆိုတာ သတင်းစာက တရားဝင် ကြေညာတဲ့ဟာ ပြန်ကိုးကားထားတာ၊ အဲဒါပဲပါတယ်။ ကျနော်တို့ဆီက လိုက်ထားတဲ့သတင်း အကုန်ပြုတ်တယ်။”
အထူးသဖြင့် ရလဒ်တွေပေါ် အနိုင်နဲ့ ပိုင်းခဲ့တဲ့ ကြိုတင်မဲ ကိစ္စတွေ၊ မဲဆန္ဒရှင်အပေါ် ဖိအားပေးခံခဲ့ရတဲ့ အခြေအနေတွေကို အများပြည်သူ သိစေချင်တယ်လို့လည်း သတင်းသမားတွေက ဆိုပေမဲ့ ခုချိန်ထိ မဲအရှုံးအနိုင် စာရင်းကို ဖော်ပြဖို့ တောင်းမရ ဖြစ်နေတယ်လို့ ပြောပါတယ်။
“အဲဒီမှာ ကျနော်က အထဲထိ ဝင်ခွင့်မရတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ ပြောကြားချက်တွေပဲ ကျနော်ရတယ်။ သူတို့ကို လက်ညှိုးထောက်ပြီး ကြံ့ဖွံ့ကိုပဲ ထည့်ပါလို့ ပြောတဲ့ဟာတွေ ရတယ်။ အဓိက ပြောချင်တာတော့ ကြိုတင်မဲပါပဲ။ ကြိုတင်မဲကြောင့် ရှုံးတယ်ပေါ့။ ရှုံးတဲ့ စာရင်းတောင်မှ မပေးဘူးခင်ဗျ။ မြို့နယ်ကော်မရှင်မှာ ဒီ Candidate က ရှုံးပါတယ်။ ရှုံးတဲ့ဟာကို ဘယ်လောက်နဲ့ ရှုံးတယ်ဆိုတဲ့ စာရင်းတောင် သူတို့ မထုတ်ပြန်ဘူး၊ မပေးဘူး။ သူတို့ဆီက တရားဝင် ထုတ်ပြန်တဲ့ဟာ အခုထိလည်း ကျနော်တို့ မရသေးပါဘူးခင်ဗျ။ ကျနော်တို့ကတော့ သတင်းသမားဆိုတော့ ပြည်သူတွေဆီ အရောက်ပို့ဖို့ပဲလေ။ အဲဒါကြောင့် ဒီတနည်းနဲ့ မရရင် နောက်တနည်းနဲ့ ပို့မှာပေါ့။ ဒါ ကျနော်တို့ရဲ့ အလုပ်ပဲလေ။”
ဂျာနယ်သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုရွေးကောက်ပွဲ သတင်းတွေကို ဖော်ပြခွင့် မပေးတာ၊ သတင်းသမားတွေဟာ သတင်းတွေပေါ် ဘာမှ လုပ်မရ ကိုင်မရ ဖြစ်နေတဲ့ အခြေအနေတွေဟာ မြန်မာ့စာနယ်ဇင်း ဖြတ်သန်းမှု ကာလတွေထဲ အဆိုးဝါးဆုံး အခြေအနေပဲလို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက သုံးသပ်ပါတယ်။
“ဒါမျိုး တခါမှကို မကြံဖူးဘူးလေ။ သိသိသာသာကြီး ဗြောင်ကြီးကိုပဲ ပိတ်တယ် ဆိုတာကတော့ မကြုံဖူးဘူး။ ဒါ အင်မတန် စိတ်မကောင်းစရာ ဖြစ်တယ်။ သတင်းမီဒီယာတွေ အနေနဲ့က ထောက်ပြတာတို့၊ ဝေဖန်တာတို့၊ ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း ကန့်ကွက် ပြောဆိုတာတို့ လုပ်ခွင့်မရှိဘူး ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ လုံး၀ တရားမျှတမှု ရှိတယ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် လူငယ်လေးတွေပေါ့၊ တက်တက်ကြွကြွနဲ့ အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ပြီး နောက်တနေ့လည်းကျရော ကိုယ်လုပ်သမျှ သတင်းတွေဟာ လုံး၀ ဖော်ပြခွင့် မရှိဘူး ဆိုတဲ့အခါမှာ လူငယ်လေးတွေက စိတ်ဓာတ်တွေ အကြီးအကျယ် ကျဆင်းကုန်ကြတယ်။ ဒါဟာ လူငယ်လေးတွေအတွက် မကောင်းတဲ့ လက္ခဏာဖြစ်တယ်။”
ဒီမိုကရေစီ စနစ်တရပ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရတရပ်အတွက် ရွေးကောက်ပွဲ သတင်းတွေကို ဒီလို ကန့်သတ်ခံရရင် ရှေ့မှာ ဖြစ်လာမယ့် အစိုးရသစ်ထဲမှာလည်း ဘာမှ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာ မရှိနိုင်ဘူး၊ မရနိုင်ဘူးလို့လည်း ဆရာကြီးက ဆိုပါတယ်။
“ဒါကတော့ အစောကြီးကတည်းက ပြောခဲ့ဖူးပါတယ်။ လုံးဝကိုပဲ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ ပြလိုက်တာပါပဲ။ အရင်တုန်းက ရွေးကောက်ပွဲကနေပြီးတော့ အပြောင်းအလဲတွေ လုပ်လို့ရမယ်လို့ ပြောခဲ့ကြတဲ့၊ ကြွေးကြော်ခဲ့ကြတဲ့ လူတွေလည်းပဲ အခုချိန်မှာတော့ အသံပိတ်သွားမှာပဲ။ သို့သော်လည်း သူတို့ကို ဒို့မပြောဘူးလား ဆိုပြီးတော့တော့ ဝမ်းသာအားရ၊ လက်ခမောင်းခတ်တဲ့ အနေအထားမျိုး မရှိပါဘူး။ မတရားသဖြင့် နိုင့်ထက်စီးနင်း လုပ်တာကိုတော့ ကန့်ကွက်ရမှာပဲ၊ ရှုတ်ချရမှာပဲ။”
ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရက်အတွင်း သတင်းသမားတွေဟာ နေရာတော်တော်များများမှာ မတူကွဲပြားတဲ့ မူတွေ၊ မဲရုံ အာဏာပိုင်တွေရဲ့ ကန့်သတ် ဟန့်တားမှုတွေ အမျိုးမျိုးကြား သတင်းယူဖို့ အတော်လေး အခက်အခဲ ဖြစ်ခဲ့ကြတာပါ။ အခုလို ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို ဖော်ပြခွင့် မပေးသလို မြဝတီမြို့မှာ တိုက်ပွဲတွေ ဖြစ်နေလို့ တဘက် ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းကိုလည်း ဖော်ပြခွင့် ပိတ်ပင်ထားပါတယ်။