ကသာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ကိုယ်စားလှယ်တွေဟာ မဲရေတွက်တဲ့ နေရာမှာ မသမာမှုတွေ ရှိနေတာကို တွေ့ရတဲ့အတွက် ကော်မရှင် အနေနဲ့ ဖြေရှင်းချက် ထုတ်ပေးဖို့ နေပြည်တော်ထိ တိုင်ကြားစာ ပို့လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလို မဲမသမာမှုတွေကို ဖြေရှင်းမပေးတဲ့အတွက် သူတို့မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘူးလို့ ကသာမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဦးမောင်မောင်က ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပြပါတယ်။
“မဲရေတွက်တဲ့အခါ ကြိုတင်မဲနဲ့ ပယ်မဲပေါ့ဗျာ။”
ကြိုတင်မဲနဲ့ ပယ်မဲက ဘာဖြစ်တာလဲခင်ဗျ။ အဲဒါတွေကို သူတို့က ယူသုံးတာလား၊ ဦးမောင်မောင်တို့က မဲအရေအတွက် တကယ်အစစ်အမှန်က ဘယ်လောက်ရတာလဲ။ ဦးမောင်မောင်တို့က အသာစီးရလား၊ ဒါမှမဟုတ် တကယ်ကို ဦးမောင်မောင်တို့က မဲအရနည်းလို့ အနိုင်မရတာလား၊ ဘယ်လိုပါလဲ။
“သူတို့ဘက်ကတော့ နည်းတာပေါ့ဗျာ။ ကျနော်တို့ မဲရရှိတဲ့ နယ်မြေကတော့ များတာပေါ့။”
အားလုံး စုပေါင်းပြီး ရေလိုက်မယ်ဆိုရင် ဦးမောင်မောင်တို့က သာတယ်ပေါ့၊ တကယ်တော့။
“ဟုတ်ပါတယ်၊ ကျနော်တို့ သာတယ်ခင်ဗျာ။”
သာတယ်ဆိုရင် အခု ဘယ်သူ အနိုင်ရသွားလဲ၊ အဲဒီ ယှဉ်ပြိုင်တဲ့ နယ်မြေ ၄ ခုစလုံးမှာ။
“၄ ခုစလုံး ပြည်ခိုင်ဖြိုးက ရသွားတာပေါ့။”
သူတို့ဘက်က ဘယ်လိုဖြစ်လို့ သာသွားတာလဲ။ ဦးမောင်မောင်တို့ ဘာတွေ တွေ့ထားလဲ။
“မရိုးသားမှု ရှိလို့ပေါ့ဗျာ။ ကော်မရှင်ကို ကျနော်က အချက် ၁၀ ချက်နဲ့ တင်ပြထားပါတယ်။”
မရိုးသားတဲ့ အချက်၊ ဦးမောင်မောင်တို့ တွေ့ထားတဲ့ အချက် ၁၀ ချက်ပေါ့။
“ဟုတ်ပါတယ်။”
ဒီစာကို ဘယ်ကိုပို့တာလဲ၊ နေပြည်တော် ကော်မရှင်ကို ပို့တာလား၊ ခရိုင်ကို ပို့တာလား။
“ကျနော်တို့ နေပြည်တော်ကိုလည်း ပို့တယ်။ တိုင်းကော်မရှင်ကိုလည်း ပို့တယ်။ ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင် ကျနော် အားလုံး ပို့လိုက်ပါတယ်။”
သူတို့ဘက်က အကြောင်းမပြန်သေးဘူးပေါ့။
“မနေ့က ၁၀ ရက် ၁၁ လ ၂၀၁၀ ကပဲ တင်လိုက်တယ်ဗျ။”
သူတို့က အနိုင်ရသူတွေရဲ့ စာရင်း အပြည့်အစုံကို ဒီနေ့ သတင်းစာထဲမှာ ကြေညာလိုက်ပြီ။ ဆိုတော့ အဲဒီအထဲမှာ ပါတဲ့လူတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေပဲပေါ့။ ဦးမောင်မောင်တို့ ပါတီက နိုင်သင့်ပါလျက်နဲ့ ကိုယ်စားလှယ်တွေ မပါလာဘူးပေါ့။
“ဟုတ်ကဲ့။”
ဦးမောင်မောင်တို့က ဘာဆက်လုပ်မလဲ၊ အခု တိုင်ပြီးပြီဆိုတော့ အမှုရင်ဆိုင်မှာလား၊ ဘယ်လိုဆက်လုပ်မှာလဲ။
“ကျနော်တို့ စည်းရုံးရေးမှူးရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ်။ စစ်ကိုင်းတိုင်း၊ စည်းရုံးရေးမှူးရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ်။”
အခုစာပို့တာက ဦးမောင်မောင်တို့ပါတီ တခုတည်းလား၊ တခြား ပါတီတွေနဲ့ရော တိုင်ပင်ပြီးလုပ်တာ ရှိလား။
“ကသာမှာတော့ နှစ်ပါတီပဲ ရှိတယ်ဗျ။”
ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဦးမောင်မောင်တို့ နှစ်ခုပဲ ပြိုင်ကြတာပေါ့။
“ပြည်သူ့လွှတ်တော်မှာ တသီးပုဂ္ဂလ ၂ ယောက်တော့ ပါတယ်ဗျ။ ၂၀၁၀ ကသာမြို့ရဲ့ ရွေးကောက်ပွဲမှာတော့ တစညပါတီ မဲမခိုးဘူး၊ မဲမလိမ်ဘူးဆိုတာတော့ ကျနော် အာမခံတယ်။”
အထက်ကညွှန်ကြားချက် ဘာမှ မရောက်သေးဘူးလား။
“အထက်က ညွှန်ကြားချက် မကြာခင် ရောက်ပါတော့မယ်၊ ကျနော်တို့ဆီကို။ ကော်မရှင်မှာ ကျနော်တို့ လက်မှတ် လုံးဝမထိုးဘူးခင်ဗျ၊ ၄ ယောက်စလုံး။”