သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ရေး ရုန်းကန်


အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံအဆင့် လွှတ်တော်နှစ်ရပ်မှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဘက်က ကိုယ်စားလှယ်အပြည့် မတင်သွင်းနိုင်တာကြောင့် အတိုက်အခံ အားနည်းတဲ့ လွှတ်တော် ဖြစ်နိုင်ချေ ရှိနေပါတယ်။ ဒီအခြေအနေမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ အခန်းကဏ္ဍက အတော်လေး အရေးပါနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အခုလ နောက်ဆုံးထား ကော်မရှင်ကို စာရင်းတင်ရမှာမို့ ကိုယ်စားလှယ်လောင်းတွေ အပြည့်အဝရဖို့ အချိန်မလုံလောက်ဘူးလို့ ပြောနေကြပါတယ်။ ရွေးကောက်ပွဲ စည်းရုံးရေး ကာလကလည်း အချိန်သိပ်ရမယ့်ပုံ မရှိတာကြောင့် နာမည်စာရင်း တင်သွင်းတဲ့ ကိုယ်စားလှယ်တိုင်းကလည်း အရွေးခံရမရ မကျိန်းသေတဲ့ သဘောပါ။

အခုအခြေအနေ အရတော့ စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှစ်ခုပဲ နေရာအတော်များများမှာ ယှဉ်ရမယ့်သဘော ဖြစ်နေပါတယ်။ ကြံ့ခိုင်ရေးပါတီကတော့ နေရာတိုင်း ယှဉ်ပြိုင်နိုင်မယ့် အခြေအနေ ရှိတာကြောင့် တချို့နေရာတွေဆိုရင် ယှဉ်ပြိုင်ဘက်တောင် ရှိပါ့မလား စဉ်းစားစရာပါ။ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီတွေ ဘက်ကတော့ လွှတ်တော်ထဲ အားကောင်းတဲ့ အတိုက်အခံဖြစ်ဖို့ အတွက်တောင် အတော်လေး ရုန်းရကန်ရမယ့် အနေအထားပါ။

နိုင်ငံရေးပါတီတွေအတွက် ကိုယ်စားလှယ်လောင်း ရှာရေးမှာ အချိန်ကန့်သတ်မှု ကြုံရတာကြောင့် တသီးပုဂ္ဂလ အရွေးခံရမယ့် ကိုယ်စားလှယ်လောင်းတွေ အခန်းက ပိုအရေးကြီးလာတယ်လို့ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“တင်သွင်းရမယ့် အမတ်ဆိုရင် တနိုင်ငံလုံးမှာ စုစုပေါင်း ၁,၁၀၀ ကျော်လောက် ရှိပါတယ်။ လက်ရှိ NDF တို့လို ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက ၂၅၀ လောက်ပဲဆိုတော့ တော်တော်နည်းတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ အဲဒီလို အနေအထားမှာ ဒီလိုမျိုး ပါတီတွေ သက်သက်နဲ့ သွားဖို့ကတော့ သိပ်မလွယ်ဘူး ဖြစ်တယ်။

“အဲတော့ ဒီအနေအထားမှာ ဘယ်သူမှ ပြိုင်ဘက်မရှိဘူး ဆိုရင်လည်း ကြံ့ဖွံ့ USDP က ကိုယ်စားလှယ် တယောက်တည်း နိုင်သွားမယ့် အနေအထားမျိုး ဆိုရင်တော့ ကျနော်မြင်တာ ပြည်သူလူထုထဲက လူရိုသေ၊ ရှင်ရိုသေ ဒီမိုကရေစီရေး လိုလားတဲ့ ပုဂ္ဂိုလ်တွေကလည်း တသီးပုဂ္ဂလ ပြိုင်သင့်တယ်လို့ ထင်ပါတယ်။ အခု နိုင်ငံရေးပါတီတွေဘက်က အခက်အခဲကတော့ ကျနော်မြင်တာ ငွေရေး ကြေးရေးရော အချိန်အကန့်အသတ်ရော နှစ်ခုစလုံး တော်တော် ဖိစီးခံနေရတယ်လို့ ထင်ပါတယ်။”

အခုလို အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ဒီမိုကရေစီ အင်အားစုတွေ နေရာများများ ရနိုင်ချေ နည်းနေပေမဲ့ အချို့ပြည်နယ် လွှတ်တော်တွေမှာတော့ တိုင်းရင်းသား ပါတီတွေဘက်က အသာရမယ့် သဘောတော့ ရှိတယ်လို့ ဦးအောင်သူငြိမ်းက မြင်ပါတယ်။

“နဂိုကတည်းက ကွန်ယက်ပေါ့၊ အချိတ်အဆက် ကောင်းထားတဲ့ ဒေသတွေမှာ ဆိုရင်တော့ သူတို့ တိုင်းရင်းသား ပါတီတွေက အလားအလာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တိုင်းရင်းသား အချင်းချင်း ကြားထဲမှာ တယောက်နဲ့တယောက် သိနေကြတယ်။ နဂိုကတည်းကလည်း ချိတ်ဆက်မှု ရှိနေတာကြောင့်ပါ။ တိုင်းရင်းသား ဒေသတွေမှာတော့ သူတို့ နိုင်သွားဖို့ များပါတယ်။

“တခုရှိတာတော့ ကချင်ပြည်နယ်လို ဒေသမျိုးဆိုရင် အခုချိန်ထိ ဒေါက်တာတူးဂျာတို့ရဲ့ KSPP ပါတီကို ချမပေးသေးတာ တွေ့ရပါတယ်။ ရခိုင်ဘက်မှာ ဆိုရင်လည်း ဆရာတော်တပါးကို ဖမ်းလိုက်တယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ ဒီတိုင်းရင်းသားတွေ ဘက်မှာလည်း သူတို့ တတ်နိုင်သလောက်တော့ နည်းပေါင်းစုံ ဖိအားပေးတာမျိုးတွေလည်း ရှိနိုင်ပါတယ်။”

ပြည်နယ်လွှတ်တော်တွေမှာ အရပ်သား တိုင်းရင်းသားပါတီတချို့ အလားအလာကောင်းတာ ရှိပေမဲ့လည်း ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာတော့ အရင် စစ်တပ်နဲ့ ရဲဘက် အငြိမ်းစား ပုဂ္ဂိုလ်တွေ ဦးစီးတဲ့ ပါတီတွေ ရှိနေတဲ့အပြင် အဲဒီပါတီတွေဟာ အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်သဘော ဖြစ်လာမယ့် အခြေအနေ ရှိတယ်လို့ ယူဆကြပါတယ်။

XS
SM
MD
LG