သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ


ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ
ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”

ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”

ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”

လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”

ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နံှ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

XS
SM
MD
LG