သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်နယ်မြေ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြန်သေး


မုန်တိုင်းသင့်နယ်မြေ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြန်သေး
မုန်တိုင်းသင့်နယ်မြေ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြန်သေး

ဂီရိ ဆိုင်ကလုံးဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်အတွင်း ကျေးရွာတွေမှာ စီစဉ်ထားတဲ့အတိုင်း အခု နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွေ လုပ်သွားမယ်ဆိုရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ အခြေအနေမျိုး မရနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်မယ့် ရခိုင်ပါတီတခုက ပြောလိုက်ပါတယ်။ မုန်တိုင်းဒဏ်သင့် ပြည်သူတွေဟာ အိုးအိမ်တွေ ပျက်စီးကုန်ပြီး ဘေးလွတ်ရာမှာ ခိုလှုံနေရတဲ့ အခြေအနေမို့ မဲရုံတွေကို သွားရောက် မဲပေးနိုင်မယ့် အခြေအနေလည်း မရှိဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တကယ်တော့ မုန်တိုင်းအခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ရှုပ်ထွေးနေတဲ့ အဲဒီဒေသအတွင်း ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့ပြီးသားပါ။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ဖို့ ၄ ရက်သာကျန်တဲ့ အချိန်အထိ ဘာအကြောင်းပြန်ချက်မှ မရဘဲ အခုအတိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမယ့် လက္ခဏာ တွေ့နေရတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအေးမောင်က ပြောပါတယ်။

“ကျနော်တို့ တင်ပြထားတဲ့ အချက်အလက်၊ ဥပမာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နည်းဥပဒေ ပုဒ်မ ၈(စ) အရ ဒါမျိုးဖြစ်တဲ့ ကိစ္စတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွှေ့ဆိုင်းနိုင်တာကိုး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုပဲ ကျနော်တို့က အောက်တိုဘာလ ၂၇ ရက်က တင်ထားတာပါ။”

အခုပဲ ကျနော်တို့ ကုလသမဂ္ဂဘက်က ထုတ်ပြန်ချက်တခု ရလို့၊ လူပေါင်း ၂၀၀,၀၀၀ ကျော်ကျော်လောက်က ရခိုင်ဘက်မှာ အရေးပေါ် အကူအညီတွေ လိုနေတယ်ဆိုပြီး ကြေညာချက် ထုတ်တယ်။ တချို့ အကူအညီတွေ ပေးဖို့လည်း လုပ်နေတော့ တကယ်တမ်း အခုလို အခြေအနေမျိုးအောက်မှာ ရွေးကောက်ပွဲ ကောင်းကောင်းမွန်မွန်၊ မျှမျှတတ လုပ်နိုင်မယ့် အခြေအနေရော ရှိရဲ့လား၊ အန်ကယ့်အမြင် သိချင်ပါတယ်။

“ကျနော်တို့ အမြင်ကတော့ ရွေးကောက်ပွဲတခု လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းက အေးအေးဆေးဆေးနဲ့ မိမိရဲ့ဆန္ဒကို ထုတ်ဖော်နိုင်တဲ့ အခြေအနေ ရှိရပါမယ်။ အခုဟာက မုန်တိုင်းကလည်း ရုတ်တရက် ပြီးခဲ့တဲ့ အပတ်လောက်က ဖြစ်သွားတယ်၊ စားရမဲ့၊ သောက်ရမဲ့၊ အိုးအိမ်တောင်မှ အတည်တကျ မရှိဘူး၊ ဒုက္ခသည်စခန်းလို့တောင် မခေါ်နိုင်သေးဘူးလေ။ ကျွေးတာလေးတွေ၊ ပေးတာလေးတွေကို အိမ်မရှိ၊ အိုးမရှိဘဲ နေရတဲ့ကာလမှာ ဘယ်လိုလုပ်ပြီး မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ဖို့ မဲရုံကို သွားနိုင်မလဲ။

“ပြီးရင် သူတို့အခက်အခဲက အိမ်တွေ ဘာတွေ အကုန် ပါသွားတာကိုး။ သက်သေခံ ကတ်ပြားတို့ ဘာတို့ကအစ အကုန်လုံး ပါသွားမှာဗျ။ အဲဒါလေးအတွက် သက်သေခံကတ်ပြား မဟုတ်ရင်လည်း တခုခုပေါ့ Identified လုပ်နိုင်တဲ့ ပစ္စည်းလေးတွေကို ပြန်လုပ်ပေးနိုင်တဲ့ ကာလလေးတောင်မှ၊ တပတ်လောက်တောင်မှ၊ ဆိုတော့ ဘယ်လိုမှ ဒီတပတ်အတွင်းမှာ ရွေးကောက်ပွဲက Free and Fair ဖြစ်အောင်၊ ပြည်သူတွေ စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ပေးနိုင်အောင် လုပ်ပေးနိုင်ချေ မရှိဘူးလို့ပဲ ကျနော်တို့က သုံးသပ်ပါတယ်။”

အဓိကက ဂီရိ ဆိုင်ကလုံးမုန်တိုင်း သင့်ခဲ့တဲ့ ၄ မြို့နယ်အတွင်းမှာ အန်ကယ်တို့ ပါတီကရော ယှဉ်ပြိုင်မယ့် နေရာ ဘယ်နေရာတွေ ရှိလဲခင်ဗျ။

“ကျနော်တို့က အဲဒီ ၄ မြို့နယ်လုံးမှာ ယှဉ်ပြိုင်မှာပါ။ အဓိကဖြစ်တဲ့ ကျောက်ဖြူမှာလည်း ၄ နေရာ ပြိုင်မှာပါ။ မြေပုံမှာလည်း ၄ နေရာ ရှိပါတယ်။ မြေပုံနဲ့ ဆက်စပ်တဲ့ ပေါက်တောမှာလည်း ရှိပါတယ်။ အကုန်လုံး နေရာတိုင်း ပြိုင်မှာပါ။ ဒီဘက်က မင်းပြားမှာလည်း နေရာတိုင်း ပြိုင်မှာပါ။”

အန်ကယ်တို့ အဲဒါ ဘယ်လို စဉ်းစားထားလဲခင်ဗျ၊ အခု ရွေးကောက်ပွဲကလည်း အရမ်းနီးနေပြီဆိုတော့။ ဆက်လုပ်သွားမယ့်ပုံ ဖြစ်နေတယ်။ မဲရုံတွေ ဘာတွေ ပြင်ဆင်မှု အနေအထားရော အန်ကယ်တို့ မြင်ရသလောက် ဘယ်လို အခြေအနေရှိလဲ။

“ကျနော်တို့ ဒီဘက်မှာ မြေပုံနဲ့ ပတ်သက်လို့ Contact လောလောဆယ် ပြတ်နေပါတယ်။ ပေါက်တောဘက်မှာတော့ ရွာလုံးကျွတ်၊ တချို့ ဒီဘက်က ရွာမှာ အိမ်တိုင်းစေ့လောက် ပျက်သွားတာကိုး။ အဲဒီဘက်မှာတော့ ကျနော်တို့ ကြားတဲ့သတင်းက မြို့နယ် ကော်မရှင်ရယ်၊ တခြား အာဏာပိုင်တွေရယ် လာပြီး မှတ်ပုံတင်တို့ ဘာတို့ ထုတ်ပေးကြတယ်။ ကြိုတင်မဲ ပေးရမယ့် သဘောတောင် ဖြစ်နေတယ်လို့ သတင်း ကြားနေရပါတယ်။”

သူတို့ပါတီအနေနဲ့ အဲဒီဒေသတွေမှာ မဲဆွယ်စည်းရုံးရေးကိုတောင် မလုပ်နိုင်ဘဲ ကူညီထောက်ပံ့ရေး ကော်မတီဖွဲ့ပြီး အကူအညီ ပေးရေးကိုပဲ အလေးပေး လုပ်နေရတယ်လို့ ဦးအေးမောင်က ပြောပါတယ်။

ကုလသမဂ္ဂ ရန်ကုန်ရုံးက ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ အနည်းဆုံး လူပေါင်း ၇၀,၀၀၀ ကျော်ဟာ မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး လူပေါင်း ခန့်မှန်းချေ ၂၀၀,၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကတော့ ဒီကနေ့မှာ အဲဒီဒေသက မုန်တိုင်းသင့် ပြည်သူတွေအတွက် တလစာ ဆန် ၆၄၀ မက်ထရစ်တန်ချိန် စတင်ပေးပို့လိုက်ပြီး နောက်ထပ် ၆၀၀ မက်ထရစ်တန်ချိန် ပို့ဖို့လည်း ရှိနေပြီလို့ သိရပါတယ်။

ဒီကနေ့အထိတော့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးရုံးကနေ အရေးပေါ် အကူအညီအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ရရှိထားပြီးတော့ Dfid လို့ခေါ်တဲ့ ဗြိတိသျှ နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ်ကလည်း ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၇၅၀,၀၀၀ ထည့်ဝင်ဖို့ ကြေညာထားတယ်လို့ ကုလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူတွေဟာ မုန်တိုင်းကြောင့် အပျက်အစီးတွေကို တွက်ချက်ခန့်မှန်းဖို့နဲ့ ကူညီကယ်ဆယ်ရေးတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ အစိုးရဘက်က ခွင့်ပြုပေးဖို့ လိုမယ်လို့ ကုလသမဂ္ဂဘက်ကတော့ ပြောနေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားက ကျွမ်းကျင်သူတွေကိုတော့ ရွေးကောက်ပွဲပြီးတဲ့ ရက်အတန်ကြာအထိ သွားခွင့်ပေးနိုင်ဖွယ် မရှိဘူးလို့ ကူညီရေး လုပ်နေသူ အချို့က ခန့်မှန်းပါတယ်။

XS
SM
MD
LG