သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ဖို့ ရခိုင်ပါတီ စဉ်းစား


ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ဖို့ ရခိုင်ပါတီ စဉ်းစား
ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ဖို့ ရခိုင်ပါတီ စဉ်းစား

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဘက်လိုက်မှုတွေကြောင့် ရွေးကောက်ပွဲ ရလဒ်က ပြည်သူလူထုရဲ့ ဆန္ဒကို မထင်ဟပ်ဘူးဆိုရင် သပိတ်မှောက်ကောင်း မှောက်ရလိမ့်မယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ကော်မရှင်က တဖက်သတ် လုပ်လာတာကြောင့် ရွေးကောက်ပွဲ ရလဒ်ဟာ လူထုရဲ့ ဆန္ဒမှန် ဖြစ်မလာဘူးဆိုရင် ဒီအပေါ် သပိတ်မှောက်သင့်ရင် မှောက်မယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်ပါတယ်။

တခြားဒေသတွေမှာလိုပဲ ရခိုင်ပြည်နယ်မှာလည်း ကော်မရှင်ရဲ့ ဘက်လိုက်မှုတွေ တိုးလာတာကြောင့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီး သပိတ်မှောက်ဖို့ လိုအပ်ရင် တခြားပါတီတွေနဲ့ ညှိနှိုင်းမယ်လို့ RNDP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ကျနော်တို့ သဘောအရ ဆိုရင်တော့ဗျာ Post Election ပြီးတဲ့အချိန်မှာလေ၊ အတင်းအကျပ် တကယ်တမ်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြောင်းပြန်မျိုးပေါ့ဗျာ၊ ဇွတ်ကြေညာတာတို့၊ ကော်မရှင်ဟာ Free and Fair မဖြစ်ဘူးဆိုရင် လိုအပ်ရင် ကျနော်တို့က တခြားပါတီတွေနဲ့ ညှိနှိုင်းပြီး ဒီဥစ္စာဟာ တရားသဖြင့် မဖြစ်တဲ့ အကြောင်းကို တခုခုတော့ တုံ့ပြန်ရမယ့်သဘော ဖြစ်ပါတယ်။ အခုလောလာဆယ်တော့ ညှိနှိုင်းတိုင်ပင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Post Election ပြီးတဲ့အချိန် ကြည့်ရဦးမှာပါ။ သပိတ်မှောက်သင့်သလား၊ ဘယ်လိုတောင်းဆိုသင့်သလဲ။”

စစ်တွေ၊ ကျောက်တော်၊ ပေါက်တော အပါအဝင် တခြားမြို့တွေမှာ ကောက်ခံနေတဲ့ ကြိုတင်မဲကိစ္စ အပါအဝင် တခြား မဲမသမာမှုတွေကို RNDP က မှတ်တမ်းပြုလုပ်နေတယ်လို့ သိရပါတယ်။ မြို့နယ်၊ ကျေးရွာ အုပ်စုတွေမှာ အာဏာပိုင်တွေက ကြိုတင်မဲ ကောက်တာတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေး အလုပ်လုပ်နေတာတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို RNDP က တိုင်တန်းပေမဲ့ အရေးယူမှု တစုံတရာ မရှိသေးပါဘူး။

“ဆိုပါတော့ စစ်တွေမှာဆိုရင် အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ကမ်ပိန်းလုပ်ငန်းကို ရပ်တယ်၊ ၃၁ ရက်နေ့ကစပြီး လုပ်ခွင့်မပေးဘူး။ ဒါပေမဲ့လို့ မနေ့ညကစပြီး ရွာကြီးမြောက်ရပ်ကွက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဟောပြောပွဲ လုပ်တယ်။ အဲဒါကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြကို သွားပြီး မေးတဲ့အခါ သူက ခွင့်ပြုတာ မဟုတ်ပါဘူးတဲ့။ ခွင့်ပြုတာ မဟုတ်ဘဲ သက်ဆိုင်တဲ့ အာဏာရပါတီ တခုက လုပ်ချင်သလို လုပ်နိုင်တဲ့ အခါကျတော့လေ၊ ကျနော်တို့လို ၄-၅ လသားလောက် ပါတီလေးတွေကျတော့ ကျနော်တို့ဘက်က ပြန်ပြောနိုင်စရာ ဒါပဲရှိတယ်။”

ရခိုင်ပြည်နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်အပြည့် ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးအဆင့်တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အသုံးချနိုင်စွမ်း ရှိတယ်လို့ ဒေါက်တာ အေးမောင်က ဆိုထားပါတယ်။

“လိုအပ်ရင် ကန့်ကွက်သွားရမှာပါပဲ။ ကမ္ဘာသိ ကြေညာထားတဲ့ Free and Fair ဖြစ်ဖို့ စောင့်ကြည့်တဲ့ ဘယ်အဖွဲ့အစည်းကမှ လာခွင့်မပေးတာရယ်၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လက်ရှိ လှုပ်ရှားနေတဲ့ ပုံစံရယ်၊ ဆိုပါစို့ဗျာ၊ မြို့နယ်လေးတခုမှာ ဝင်ပြိုင်မယ့် ပုဂ္ဂိုလ်တွေက ဝန်ကြီးအဆင့် မဟုတ်ဘူး၊ ဝန်ကြီးအဆင့် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ပြိုင်တဲ့ ပြိုင်ပွဲလေးမှာတောင်မှ အာဏာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အခွင့်အရေးကို အသုံးချတာမျိုးဆိုရင် ဝန်ကြီးတွေကိုယ်တိုင် ဝင်ပြိုင်တဲ့ နေရာမျိုးဆိုရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။”

RNDP က ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၄၃ ဦး ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံလိုက်ရတဲ့ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ရွေးကောက်ပွဲရက် နောက်ဆုတ်ပေးဖို့ RNDP က တောင်းဆိုခဲ့ပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်ခဲ့ပါဘူး။

XS
SM
MD
LG