သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပြီးလည်း စစ်အစိုးရပဲ အာဏာရှိမယ်လို့ ဦးသုေ၀ ဝေဖန်


မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ခက်ခဲအောင် စီမံထားတာမို့ ရွေးကောက်ပွဲ နောက်ပိုင်းမှာ စစ်အစိုးရကသာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားနိုင်မှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေသစ်တွေဟာ ပါဝင်ယှဉ်ပြိုင်မယ့် အမတ်လောင်း အများအပြားအတွက် ငွေကြေးအရရော၊ အာဏာပိုင်တွေဘက်က စနစ်တကျ စီမံကိန်းချ တားဆီးမှုတွေ လုပ်နိုင်ဖို့ပါ ရွေးဆွဲထားတာမို့ အခက်အခဲတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒီလို အတားအဆီးတွေကြောင့် လက်ရှိ စစ်အစိုးရက မဲမသမာမှုတွေ လုပ်စရာ မလိုဘဲ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ရန်ကုန်မှာ ဦးသုဝေက သတင်းထောက်တွေကို ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၄၁ ပါတီက မှတ်ပုံတင်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် နေရာ ၁,၁၀၀ ထဲက ၅၀၀ လောက်ဟာ ယှဉ်ပြိုင်စရာ မလိုတဲ့ အနေအထား ရောက်နေမယ်လို့ မျှော်လင့်ရပြီး ဒါဟာ လက်ရှိ စစ်အစိုးရရဲ့ပါတီ လက်ထဲမှာပဲ ရှိနေတယ်လို့လည်း တွက်ပါတယ်။

ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပပေးတာ ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက အာဏာကို လွှဲပြောင်းမပေးခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ နေအိမ်အကျယ်ချုပ် ကျခံနေရတာမို့ အသစ်ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါဘူး။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့အတွက် လူထုဟောပြောပွဲတွေ လုပ်မယ်ဆိုရင် ၇ ရက် ကြိုတင် ခွင့်ပြုချက် ရယူရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အရင်ကလည်း ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လူထု စုဝေးချီတက်မှုတွေ လုပ်ဆောင်ဖို့ တားမြစ်ထားပြီး အာဏာပိုင်တွေဘက်က လူထု လုံခြုံရေးအရလို့ အကြောင်းပြပြီး အချိန်မရွေး ဝင်ရောက် တားမြစ်ပိုင်ခွင့်တွေ ရှိနေပါတယ်။

XS
SM
MD
LG