သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလ ဝေဖန်


ရွေးကောက်ပွဲ အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလ ဝေဖန်
ရွေးကောက်ပွဲ အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလ ဝေဖန်

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပြည်ပက သတင်းမီဒီယာတွေ လာရောက် သတင်းယူ အကဲခတ်ခွင့် မပေးဖို့ ကြေညာလိုက်တဲ့အတွက် အများက လက်ခံနိုင်စရာတွေ ပိုလို့သာ ကင်းမဲ့စရာတွေ ဖြစ်ရကြောင်း အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ပြောဆိုလိုက်ကြပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွေဟာ ပွင့်လင်း လွတ်လပ်မှု ရှိပါ့မလား စိုးရိမ်မကင်း ဖြစ်နေချိန်မှာ စစ်အစိုးရ အာဏာပိုင်တွေက အခုလို ကန့်သတ်မှုတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တာမို့ ပြစ်တင် ဝေဖန်သံတွေ နောက်ထပ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွေ့အကြုံ အများအပြား ရှိပြီးဖြစ်တာမို့ ကျွမ်းကျင်သူတွေ၊ စောင့်ကြည့်သူတွေ မလိုပါဘူးလို့ အာဏာပိုင်တွေက ပြောလိုက်ပေမဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ဒါကို လက်မခံနိုင်ကြောင်း တုံ့ပြန်လိုက်ကြပါတယ်။ ပြည်ပက သတင်းမီဒီယာ သမားတွေ၊ အကဲခတ် လေ့လာသူတွေ စောင့်ကြည့်စရာ မလိုလောက်အောင် နိုင်ငံတကာ သံတမန်တွေ မျက်စေ့ရှေ့မှောက်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။

ဒါပေမဲ့လည်း နိုင်ငံရေး အင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်တာမို့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု မရှိနိုင်ဘူးလို့ ရှုမြင်ထားတဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒီလုပ်ရပ်ကြောင့် ယုံကြည်မှုတွေ ပိုလို့သာ လျော့ပါးစေနိုင်တဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ။ ဇွန် ၂၊ ၂၀၀၉။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ။ ဇွန် ၂၊ ၂၀၀၉။

“ဒါက ကံမကောင်း အကြောင်းမလှတဲ့ ကိစ္စတခု ဆိုပေမဲ့ ဒီရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ တွေ့ရတဲ့ အခြေအနေတွေ တလျှောက်လုံးကို ကြည့်မယ်ဆိုရင် အံ့သြစရာတော့လည်း မရှိပါဘူး။ ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပြင်ပက အကဲခတ်တွေကို လမ်းဖွင့်မပေးဘူးဆိုရင် ဒါဟာ အများလက်ခံ ယုံကြည်နိုင်စရာ ရှိလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ယူဆနိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ပြောထားပြီးသား ဖြစ်ပါတယ်။”

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ ရှိမရှိ အကဲခတ်လိုတဲ့ သဘောထားတွေကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ကုလသမဂ္ဂတို့လို ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောဆိုထားကြတာပါ။ ဒါပေမဲ့လည်း အခုအခါ ဒီလိုအခြေအနေမျိုး တွေ့ရမှာ မဟုတ်တာမို့ ဒါဟာ စိုးရိမ်ပူပန်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဖာဟန် ဟပ်က် (Farhan Haq) က နယူးယောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ် အနေနဲ့ ရွေးကောက်ပွဲကို အားလုံး ပါဝင်ခွင့်ရှိပြီး ပွင့်လင်းမြင်သာမှု ရှိရမယ်၊ လွတ်လပ် တရားမျှတရမယ်လို့ ပြောထားပြီးသားပါ။ ဒါကို ဆန့်ကျင်တဲ့ ကိစ္စမှန်သမျှဟာ စိုးရိမ်စရာ အကြောင်းတွေပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေး ပြဿနာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အဓိက စိုးရိမ်စရာ ပြဿနာတွေ အဖြစ်နဲ့လည်း အတွင်းရေးမှူးချုပ်က အရင်တပတ်ထဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ရွေးကောက်ပွဲတွေ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမယ်လို့ ကြေညာပြီး နိုင်ငံရေး ပါတီတွေကို မှတ်ပုံတင်ခွင့်ပေး၊ ပါဝင်ခွင့် ပြုခဲ့ပေမဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ အစီအမံတွေဟာ တရားမျှတမှု မရှိဘူးဆိုပြီး အဓိက အတိုက်အခံ နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မှတ်ပုံတင် ယှဉ်ပြိုင်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ စေ့စပ်ညှိနှိုင်းနိုင်တဲ့ လမ်းစတွေ ရှိနေဆဲလို့ ယုံကြည်ထားကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လီက ပြောခဲ့တာပါ။

“ကျနော်တို့ ဖြစ်စေချင်တာကတော့ လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့နဲ့ ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာ့လူ့ဘောင် အသိုင်းအဝိုင်းထဲမှာ ဆွေးနွေးပြောဆိုမှုတွေကို တိုးပြီး လုပ်ဆောင်တာတွေလို အခွင့်အလမ်းမျိုးတွေကို အရယူစေချင်ပါတယ်။”

မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ ၈၂ ယောက် အပါအဝင် ကိုယ်စားလှယ်လောင်း ၃,၁၅၃ ယောက်က မဲဆန္ဒနယ်မြေပေါင်း ၁,၁၅၈ ခုမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။ မဲပေးခွင့်ရှိသူ ၂၉ သန်းကျော် အနေနဲ့ နိုင်ငံတဝန်းက မဲရုံပေါင်း ၄၀,၀၀၀ မှာ ဆန္ဒအလျောက် မဲပေးနိုင်ကြမှာ ဖြစ်တယ်လို့လည်း ဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်း ၃ ပတ်လောက်သာ လိုတော့တဲ့ အချိန်မှာ ပြင်ပက အကဲခတ် စောင့်ကြည့်သူတွေ၊ သတင်းမီဒီယာတွေကို လက်မခံဖို့ ငြင်းဆန်လိုက်တာဟာ လွတ်လပ်ပြီး မျှမျှတတ ဆောင်ရွက်သွားဖို့ ဆန္ဒမရှိကြောင်း ပြသလိုက်တာသာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့် အကဲခတ်နေတဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG