သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီစည်းရုံးရေး တပ်ကိုမဝေဖန်ဖို့ ကန့်သတ်ချက် HRW ဝေဖန်


လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ဟောပြောတဲ့နေရာမှာ တပ်မတော်ကို ထိခိုက်အောင် ဝေဖန်တာတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်နဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို ပြသရာကျပြီး ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတချို့က ဝေဖန်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ဟောပြော တင်ပြခွင့် ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံရေး ပါတီတွေရဲ့ လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့်ကို အစိုးရက ဆင်ဆာပိတ် ဟန့်တားတာဖြစ်တယ်လို့ ဆိုပြီး အများက ထောက်ပြ ဝေဖန်နေကြတာပါ။ စစ်တပ်နဲ့ပတ်သက်လို့ ပြောဆိုဝေဖန် မှုတွေအပေါ် ကန့်သတ်ချက်ကတော့ တိုင်းပြည်တွင်း စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို ထင်ရှားစေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က အကြီးတန်းသုတေသီ David Mathieson က ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်နဲ့ တပ်မတော် တို့ဟာ အစိုးရသတင်းမီဒီယာတွေကနေ ပြည်သူ အများအပြား စိတ်ဝင်တစား ပြောဆိုဆွေးနွေး ချင်တဲ့ကိစ္စတွေကို ပြောလို့မရအောင် လူထုဆွေးနွေးမှုတွေကို ဖိအားပေး ဟန့်တားဖို့ ကြိုးစားနေတာပါ။ ဒါက မြန်မာစစ်တပ်ဟာ ဘာမှ ပြောင်းလဲမှု မရှိသေးဘူး ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ မကြာခင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့် ကန့်သတ်ချက်တွေကို ကြည့်ရင် စစ်တပ်က အာဏာကို ထိန်းချုပ်ထားဆဲ ဖြစ်တယ်ဆိုတာကို သတိပေးလိုက်တာပါပဲ။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုတဲ့ဘက်မှာ မရှိဘဲ စစ်တပ်ဘက်ကနေ ရပ်တည်ပေးနေပါတယ်။”

ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၂ လလောက်ပဲ လိုတဲ့အချိန်မှာ ခုလို နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို တိုးမြင့် ထုတ်ပြန်လာတာကိုကြည့်ရင် လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့လည်း မစ္စတာ Mathieson က ဝေဖန်ပါတယ်။ လွှတ်တော်တွင်း ၂၅% ကို စစ်တပ် ကိုယ်စားလှယ်တွေအတွက် နေရာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေနဲ့ အများပြည်သူတွေကြား ဒီကိစ္စ ဆွေးနွေးပြောဆို နေကြချိန်မှာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ဟောပြောမှုတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်က ဒီမိုကရေစီ ရွေးကောက်ပွဲတွေမှာ အဓိကကျတဲ့ လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့်ကို ချိုးဖောက်ရာကျပြီး မျှတမှု မရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေကလည်း ဝေဖန်နေကြပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကတော့ အခုလို ထောက်ပြပါတယ်။

“နိုင်ငံရေးပါတီတိုင်းမှာ တိုင်းပြည်ရဲ့ အဖွဲ့အစည်း အသီးသီးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ကိစ္စအရပ်ရပ်နဲ့ ပတ်သက်လို့ သူတို့ပါတီရဲ့ ဒီတိုင်းပြည်ကို ဘယ်လို ဘယ်ပုံ ဖြစ်စေချင်တယ်ဆိုတဲ့ သဘောထားတွေ မူဝါဒတွေ ရှိကြတယ်။ အဲဒီတော့ တပ်မတော်ကို၊ ကျနော်တို့ တိုင်းပြည်ရဲ့တပ်မတော်ကို ဘယ်လိုတပ်မတော် ဖြစ်စေချင်သလဲ၊ ဘယ်လိုတပ်မတော်မျိုးအဖြစ် မြင်ချင်တယ်ဆိုတဲ့ သဘောထားဟာ နိုင်ငံရေးပါတီတိုင်းမှာ ရှိကြတယ်။ အဲဒီတော့ လက်ရှိတည်ရှိနေတဲ့ တပ်မတော်ကို ကျနော်တို့ ပါတီအနေနဲ့ဆို ဂုဏ်သိက္ခာရှိစေချင်တယ်၊ နိုင်ငံရေးနဲ့ ကင်းရှင်းစေချင်တယ်၊ Professional Army ဖြစ်စေချင်တယ်။ ဒီလိုသဘောထားမျိုးတွေက နိုင်ငံရေး ပါတီတိုင်းမျာ ရှိကြတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးတွေကို တင်ပြတာ၊ ပြောဆိုတာ၊ ဆွေးနွေးတာတွေက ဒါကဝေဖန်တာ၊ တိုက်ခိုက်တာ၊ အပုပ်ချတာ မဟုတ်ဘေူးလို့ ကျနော်တို့အနေနဲ့ ယူဆတယ်။ ဒါကတခု၊ နောက်ဒုတိယ တခုက တပ်တော်သားတွေပဲဖြစ်ဖြစ်၊ ဒီတိုင်းပြည်ထဲမှာရှိတဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် တချို့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒီလိုကိစ္စမျိုးတွေ ရှိလာလို့ရှိရင်၊ နိုင်ငံရေးပါတီအနေနဲ့ ဒီလိုကိစ္စမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ ပြောတဲ့ဆိုတဲ့ ကိစ္စမျိုးတွေက ဝေဖန်တာ၊ တိုက်ခိုက်တာ မဟုတ်ဘူး။ တပြိုင်နက်တည်းမှာပဲ၊ ကိုယ့်တိုင်းပြည်ရဲ့ တပ်မတော်ကို ကူညီချင်တဲ့ပုံစံ ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်တယ်လို့ ကျနော့် အနေနဲ့ ပြောင်းချင်ပါတယ်။”

သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီတွေ ဟောပြောရမှာ လိုက်နာရမယ့် အချက်တွေထဲမှာတော့ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန်၊ ဒါမှမဟုတ် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှုတွေ မလုပ်ရဘူးဆိုပြီး တားမြစ်ထားတာဖြစ်ပါတယ်။ HRW အဖွဲ့ကြီးကတော့ ရွေးကောက်ပွဲတွေ ကျင်းပတယ် ဆိုတာဟာ နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆိုဆွေးနွေးမှုတွေကို ဟန့်တားဖို့မဟုတ်ဘဲ ဒီလို ဆွေးနွေးမှုတွေ ပိုပြီးဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ အချိန်အခါသာ ဖြစ်တယ်လို့ ထောက်ပြဝေဖန် ထားပါတယ်။

XS
SM
MD
LG