တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်အရှုံး စာရင်းတွေကို စစ်အစိုးရက တရားဝင် မကြေညာသေးပေမဲ့လည်း စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၈၀% နဲ့ အနိုင်ရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးကတော့ သူ့အနေနဲ့ အတိအကျ ဘာမှ မသိရသေးဘူးလို့ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အခုလို စပြောပါတယ်။
“ကျနော့်မြို့နယ်ပဲ ကျနော်သိပါတယ်။ တခြားဟာတွေတော့ မသိပါဘူး။”
ရွေးကောက်ပွဲ ကော်မရှင်က မကြေညာသေးဘူးလားခင်ဗျ၊ ဘယ်တော့လောက် ကြေညာမယ် ပြောလဲ။
“နေ့စဉ် သတင်းစာထဲမှာလည်း ပါပါတယ်ဗျာ၊ ရေဒီယို၊ ရုပ်မြင်သံကြားမှာလည်း ပါပါတယ်။”
လောလောဆယ် အတွင်းရေးမှူးက ပါဝင် လှုပ်ရှားနေတယ်ဆိုတော့ အဲဒါလေးကို ပြောပြပါလား။
“အခုထိတော့ တရားဝင် ကြေညာထားတာ နေ့စဉ်ထုတ် သတင်းစာတွေ သိပါတယ်။ အင်တာနက်မှာလည်း ကြည့်လို့ရပါတယ်။”
ဟုတ်ကဲ့၊ နေ့စဉ်ထုတ် သတင်းစာမှာတော့ ပြိုင်ဘက်မရှိ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ နေရာတော့ ကြေညာပါတယ်။ ဒါပေမဲ့ တခြားနေရာတွေမှာ ဘယ်သူတွေရတယ်ဆိုတာ မကြေညာသေးတော့ အတွင်းရေးမှူးတို့ ပါတီအနေနဲ့ သိထားသလောက် ပြောပြပါလား။
“ကျနော်တို့ အနေနဲ့တော့ ထွေထွေထူးထူး မသိသေးဘူးဗျ။ လောလောဆယ် ကိုယ့်မြို့နယ်ရဲ့ စာရင်းဇယားတွေပဲ ရှိပါတယ်။ ပုံမှန်အတိုင်းပါပဲ၊ ကျနော်တို့ အေးအေးဆေးဆေးပါပဲဗျာ။”
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦး ပြောသွားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်၊ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်၌က သူတို့ပါတီ မဲအသာစီးရအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးခဲ့တဲ့အတွက် အပြတ်အသတ် အနိုင်ရတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်နေတာပါ။
အနိုင်ရ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းတွေကို တရားဝင် ဘယ်တော့ကြေညာမယ် ဆိုတာနဲ့ အနိုင်ရတဲ့ ပါတီကို ဘယ်တော့ အာဏာလွှဲပြောင်းပေးမယ် ဆိုတာကလည်း အခုချိန်ထိ မသေချာ၊ မရေရာသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။