သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ပြုစု


၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းမှာ မိမိအမည်ကို လိုက်လံစစ်ဆေး ရှာဖွေနေကြပုံ။ (၂၀၁၂၊ မတ်လ ၃၁)
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းမှာ မိမိအမည်ကို လိုက်လံစစ်ဆေး ရှာဖွေနေကြပုံ။ (၂၀၁၂၊ မတ်လ ၃၁)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင် ပြုစုနေပါပြီ။ ပဏာမအားဖြင့်တော့ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ စတင်လိုက်တာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် စာရင်းပြုစုတာကို ၁၅ ရက်အတွင်း အပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကျင်းပရေးကော်မတီက ဆိုပါတယ်။ အလုံမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းကောက်ယူနေမှု အခြေအနေတွေနဲ့ ပြည်သူတွေရဲ့ပါဝင်မှု ဘယ်လိုရှိနေသလဲ ဆိုတာတွေကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ပြုစုနေတာမှာ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဒီသတင်းပတ် ဗုဒ္ဓဟူးနေ့က စတင်တာပါ။ နောက်ထပ် ဘယ်ဒေသတွေမှာ မဲဆန္ဒရှင် စာရင်းပြုစုမယ်ဆိုတာကိုတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအရ မြို့နယ်တခုအတွင်းမှာ ရက်ပေါင်း ၁၈၀ ကျော် နေထိုင်ပြီးသူတွေ အဲဒီမြို့နယ်အတွင်းမှာ မဲပေးခွင့်ရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် စာရင်းပြုစုတာတွေကို ရန်ကုန်တိုင်း အလုံမြို့နယ်မှာ စတင်ကောက်ယူရတာနဲ့ ပတ်သက်လို့လည်း အလုံမြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မတီရဲ့ အတွင်းရေးမှူး ဦးခင်မောင်ဇော်က အခုလို ပြောပါတယ်။

“အလုံကတော့ ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ ရွှေ့ပြောင်းတဲ့သူတွေ များတဲ့အတွက် အဖြေလေးတစ်ခုရအောင် စမ်းသပ်တဲ့အနေနဲ့ ဒီမှာ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

မြို့နယ်အတွင်းကမဲဆန္ဒရှင်စာရင်းမှာ ထည့်သွင်းထားတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်မမှန် မြို့နယ်သူ မြို့နယ်သားတွေအနေနဲ့ လာရောက် စစ်ဆေးကြဖို့နဲ့ ရွေးကောက်ပွဲ အသိပညာပေးအဖြစ်နဲ့ အိမ်တွေမှာလည်း ကြော်ငြာ စာရွက်တွေလာပြီး ကပ်ထားတယ်လို့ အလုံ ဒေသခံတဦးကလည်း ပြောပါတယ်။

အလုံမြို့နယ် တခုတည်းမှာတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၃,၅၅၃၄ ယောက်ရှိတယ်လို့ အလုံမြို့နယ် ကော်မတီက ဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲဆန္ဒရှင် စာရင်းမှာလည်း အလွဲအချော်တွေ ရှိနေတယ်လို့ ပြောသူကတော့ ရပ်ကွက်ကော်မတီရဲ့ အကြီးအကဲ ဦးမောင်မောင်ပါ။

“မဲစာရင်းစစ်တဲ့အခါ ဘာသွားတွေ့လဲဆိုတော့ အန်ကယ့်အမျိုးသမီး၊ အမျိုးသမီးနာမည်ဆိုရင် သူ့နာမည်က စီစီသန်း၊ ဒါပေမယ့် ဒီမှာ ဆွေဆွေသန့် ဆိုပြီးတော့ မှားနေတယ်။ အဲဒါလေးကို အန်ကယ်လ် ပြင်ခွင့်ရတယ်။ နောက်တခါ အန်ကယ့်လ်ရဲ့ Date of Birth ကလည်း မှားနေတယ်။ အဲဒါကိုလည်း အခု ပြင်ခွင့်ရတယ်။”

လာမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေကတော့ ခေါင်းဆောင်ကောင်းတယောက် စိတ်ကြိုက် ရွေးချယ်နိုင်မလားဆိုတဲ့အပေါ်မှာ အတော်လေး စိတ်ဓာတ်တက်ကြွနေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် အတော်လေးစိတ်ဝင်စားနေသူ ဒေါ်မေဝင်းက အခုလို ပြောပါတယ်။

“ခေါင်းဆောင်ကောင်းလိုတာကို ရွေးချယ်သင့်တာပေါ့နော်။ ဒီလိုပဲ ပြင်ဆင်ထားရတာပေါ့။ အကုန်လုံးက မဲဆန္ဒပေးရမှာပဲ။”

ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကတော့ တနှစ်တောင် မလိုတော့ပါဘူး။ ဒီအချိန်မှာပဲ လွှတ်တော်အတွင်းမှာတော့ မဲအများစုရသူက လွှတ်တော်အမတ်ဖြစ်မယ့် စနစ်ကနေ အချိုးကျကိုယ်စားပြုစနစ်နဲ့ လွှတ်တော်အမတ်တွေကို ရွေးချယ်ဖို့ အတည်ပြုလိုက်တာအပါအဝင် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြား မဲဆွယ်စည်းရုံးမှု ကိစ္စအပေါ် ညှိနှိုင်းမှုတွေလုပ်နေရပြီး ဒီလ ၂ ရက်နေ့ တုန်းကလည်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု မူကြမ်းတရပ်ကို နိုင်ငံရေး ပါတီတွေကို ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG