သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လျှပ်စစ်မီးပြတ်တောက်မှု မြန်မာဒုဝန်ကြီးပြောကြားချက် တုံ့ပြန်မှုထွက်ပေါ်


လျှပ်စစ်ဓါတ်အားပေးတိုင် ပြင်ဆင်နေကြသည့် ဝန်ထမ်းများ
လျှပ်စစ်ဓါတ်အားပေးတိုင် ပြင်ဆင်နေကြသည့် ဝန်ထမ်းများ

စင်္ကာပူနဲ့ အမေရိကန်နိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ရင် ရက်နဲ့ချီ ကြာတတ်ပြီး မြန်မာနိုင်ငံမှာတော့ နာရီပိုင်းအတွင်း လျှပ်စစ်မီး ပြန်ရအောင် လုပ်ပေးနိုင်ခဲ့တယ် ဆိုတဲ့ လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးရဲ့ပြောဆိုချက်ဟာ လွဲမှားတဲ့ အချက်တွေပေါ် အခြေခံ ပြောဆိုခြင်းသာဖြစ် တယ်လို့ အမေရိကန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောဆိုလိုက်ကြပါတယ်။ အရင်အစိုးရ လက်ထက်ကထက်စာရင် NLD အစိုးရ လက်ထက်မှာ လျှပ်စစ်မီးပြတ်တောက်တာ နည်းလာတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်းက စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေနဲ့ ၂၀၂၀ နွေရာသီမှာ ဓာတ်အားထုတ်လုပ်မှု တိုးတက်စေရေးအတွက် တနှစ်တာအတွင်း ဘယ်လိုစီမံဆောင်ရွက် သွားမလဲ ဆိုတဲ့မေးခွန်းကို ဧပြီ၂၉ ရက်မှာကျင်းပတဲ့ ပြည့်သူ့လွှတ်တော်တွင်း ကျောက်တံတားမြို့နယ် ကိုယ်စားလှယ် ဦးနေမျိုးထက်က မေးမြန်းခဲ့ရာမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က အခုလို ဖြေကြားသွားပါတယ်။

“တခြားနိုင်ငံတွေမှာ လျှပ်စစ်ဓါတ်အား မပြတ်တောက်ဘူးဆိုတာ မဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတဲ့အချိန်မှာ ကျနော်တို့လို နာရီပိုင်းတောင် ပြန်မရပဲနဲ့ ရက်တောင်ကြာပါတယ်။ အမေရိကန်နိုင်ငံမှာ ဓါတ်အား ပြတ် တောက်သွားတဲ့အချိန်မှာ ၂ ပတ်ကြာပါတယ်ခင်ဗျ။ ကျနော်တို့နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဖြစ်ပေါ်တဲ့အချိန်မှာ မည်သည့်ရက်မဆို တရက်အတွင်းမှာ ၊ နာရီပိုင်းနဲ့ ၂ နာရီ ၃ နာရီအတွင်း ပြန်ရတာကို ကျနော်တို့ ကြိုးပမ်းဆောင်ရွက် နိုင်ပါတယ်။ လျှပ်စစ်ဓါတ်အား မပြတ်တောက်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်မလဲလို့ဆိုရင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက နှစ်စဉ်တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ပမာဏများအားလုံးကို ခွင့်ပြုပေးဖို့လည်း လိုအပ်တယ်ဆိုတာကိုလည်း တင်ပြလိုပါတယ်။

လျှပ်စစ်ဒုဝန်ကြီးရဲ့ ပြောသလို အမေရိကန်မှာ ဆိုးဆိုးဝါးဝါးမီးပျက်တာမျိုး မကြုံဖူးသေးဘူးလို့ ဗာဂျီးနီးယားပြည်နယ်မှာ ဆယ်စုနှစ်ကျော် နေလာတဲ့ လုပ်ငန်းရှင် ကိုသားကြီးက ပြောပါတယ်။

“ ကျနော်တို့ဘက်က သိပ်မပျက်ဘူး။ ကျနော်တို့ဘက်က ဓါတ်ကြိုးတွေက မြေအောက်က သွားတယ်။ နောက်တခုက ပျက်ခဲတယ်။ ပျက်တာက ကျနော်တခါမှ မကြုံဘူးသေးဘူး။ ဒီဘက်မှာ ကျနော် အိမ်ပြောင်းတာ ဒီဧရိယာကို ပြောင်းတာ ၂ နှစ်ကျော်ပြီ ၊ ဟိုဘက် ဧရိယာတုန်းကလည်း မပျက်ဘူး။ zip code သာ ကွဲသွားတယ်ပေါ့ ကျနော် ဒီ city မှာပဲ နေတယ်။ ဒါပေမဲ့ ဒီဘက်မှာ မပျက်ဘူး၊ ဟိုဘက်မှာ ပျက်တာ တခါပဲ ပျက်ဘူးသေးတယ်။ ဒီမှာ ရက်နဲ့ချီပျက်တာ တခါမှ မရှိဘူးသေးဘူး။ အလွန်ဆုံးပျက် တနာရီထက်မပိုဘူး ။ ဝန်ကြီးတယောက်အနေနဲ့ ဒီလိုစကားမျိုးမပြောသင့်ဘူး သူက နိုင်ငံခြားအတွေ့အကြုံ မရှိလို့လား။ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ သူ့အလုပ်ကို မျက်လုံး ဇွတ်မှိတ်ပြီး ငြင်းနေတာလား ဆိုတာ တပြောတတ်ဘူး။”

အမေရိကန် ပြည်ထောင်စုမှာ နှင်းတွေထူထပ်စွာကျတာမျိုး၊ မိုးသည်းထန်တာမျိုး၊ လေးပြင်မုန်တိုင်း တိုက်ခတ်ပြီးချိန် မျိုးတွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး လျှပ်စစ်မီး ပြတ်တောက်လေ့ ရှိပေမယ့် တခနတာအတွင်း မီးပုံမှန်ပြန်လာလေ့ရှိပါတယ်။ အခြား အချိန်တွေမှာတော့ မီးပြတ်တောက်မှု မရှိသလောက်ဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေက ပြောပါတယ်။

နှင်းကျတာ၊ လေပြင်းတိုက်တဲ့ဒဏ်တွေ ကြုံရလေ့ရှိတဲ့ နယူးယောက်ပြည်နယ်ထဲက ဘတ်ဖလိုးမြို့ မှာနေထိုင်သူ အဝတ်လျှော်စက်နဲ့ Recycle လုပ်ငန်းပိုင်ရှင် ကိုမင်းနိုင်ကတော့ မြန်မာလျှပ်စစ်ဒုဝန်ကြီးပြောသလို အမေရိကမှာ မကြုံဖူးသေးဘူးလို့ ဆိုပါတယ်။

“ မြန်မာ လျှပ်စစ်ဒုဝန်ကြီးပြောသွားတဲ့ဟာ ကျနော်လည်း facebook မှာ တွေ့လိုက်ရတာ၊ အဲဒါ ဖတ်ပြီးတော့ ရယ်မိတယ်ပေါ့ဗျာ ။ ကျနော်တို့ နေတဲ့ ဘတ်ဖလိုးဆိုတာ snow တွေကျပြီးတော့ ရာသီဥတု အရမ်း ဆိုးဝါးတဲ့ မြို့တမြို့ဖြစ်တယ်။ သို့သော် အခု ကျနော်လုပ်နေတဲ့ အဝတ်လျှော်စက် လုပ်ငန်းဆိုရင် ရပ်ကွက်ထဲက သူတွေက ကျနော့်အဝတ်လျှော်ဆိုင်ကို လာပြီးတော့ လျှော်စက်မှာ ၁ နာရီလောက်ပြီးသွားရင် အခြောက်ခံစက်ထဲကို နောက်ထပ် ၄၅ မိနစ် ၊ ၁ နာရီ ပြည့်အောင် ထပ်ထည့် ပြီးတော့မှ အနည်းဆုံး ၁ နာရီခွဲလောက် ဒီ လျှပ်စစ်တွေကိုပဲ အဓိက အားထားပြီးတော့ သုံးနေရတယ်။ အဲဒီအချိန်မှာ ခုနက ဝန်ကြီးပြောသလို ၂ ပတ်လောက်ကြာအောင် ပျက်တယ် ဆိုရင်တော့ ကျနော်တော့ မွဲပြာကျသွားမှာပေါ့။ ရာသီဥတု ဆိုးဝါးပြီးတော့ မီးပျက်ခဲ့ရင်တောင်မှ နာရီပိုင်းပြည့်အောင်မကြာခဲ့ဘူး။ မြန်မာလျှပ်စစ် ဒုဝန်ကြီးပြောသွားတဲ့ စကားတွေ အချက်အလက်တွေက တော်တော်လေး လွဲမှားနေတယ်။ ပြီးတော့ သူထပ်ပြီးတော့ ဘတ်ဂျက်တွေ ထပ်တောင်းတယ်၊ ဘတ်ဂျက်တွေပေးမှ အလုပ်တွေဖြစ်မယ် ဆိုတာကတော့ လျောက်ပြောနေသလိုမျိုး ကျနော်မြင်ရတယ်ခင်ဗျ။ ဒီလို ဝန်ကြီးတွေကနေပြီးတော့ တိုင်းပြည်ကို ဦးဆောင်နေတယ်ဆိုတာကတော့ ခံစားရမယ့် ပြည်သူတွေဘဝကို စာနာမိတယ်။”

အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာ လျှပ်စစ်မီးပြတ်တောက်တဲ့ မြို့နယ်အတော်များတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ပုံမှန် မီးမလာတာကြောင့် ရန်ကုန် လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း YESC ရဲ့ လူမှုကွန်ယက်မီဒီယာပေါ်မှာ ရန်ကုန်မြို့ခံတွေက ပြစ်တင် ဝေဖန်ရေးသားတာ တွေ့ရပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ သတိပေးထုတ်ပြန်ချက်အရ ရန်ကုန်နဲ့ မန္တလေးမှာ မကြာခင်ကာလအတွင်း လျှပ်စစ်မီးဖြန့်ဖြူးမှုကို လျှော့ချသွား မယ်လို့ဆိုပါတယ်။ အခုဆိုရင် ရာသီဥတုပူပြင်းတဲ့ နွေကာလ ရောက်လာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ် ထုတ်နေတဲ့ ဆည်ကြီးတွေမှာ ရေခမ်းခြောက်လာပါတယ်။ ရေမျက်နှာပြင် ၁၄ ပေလောက် လျော့ကျလာပြီး ထုတ်ယူမယ့် လျှပ်စစ်ပမာဏ လျော့ကျလာနိုင်တာကြောင့် မန္တလေးမှာဆိုရင် မြို့နယ်အလိုက် အလှည့်ကျ မီးပေးသွားမယ်လို့ ကြေညာထားတာပါ။

ဒီအတောတွင်း ရန်ကုန်တိုင်းမှာလည်း လျှပ်စစ်မီး အသုံးအများဆုံး အချိန်တွေဖြစ်တဲ့ မနက် ၉နာရီကနေ ၁၁ နာရီအတွင်းနဲ့ ည ၇နာရီကနေ ၈နာရီအတွင်းမှာ မီးပြတ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ရန်ကုန်တိုင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏ မဂ္ဂါဝပ် (၁၅၀၀)ကျော်ရှိပြီး မန္တလေး တိုင်းမှာတော့ မဂ္ဂါဝပ်(၆၀၀)ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG