သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးခွဲခြားမှုဖြစ်နိုင်တဲ့ မူလတန်းသင်ရိုးညွှန်းတမ်း ကန့်ကွက်ခံရ


 မူလတန်း၊ အလယ်တန်း ကျောင်းတခု (MOI)
မူလတန်း၊ အလယ်တန်း ကျောင်းတခု (MOI)

အခြေခံပညာသင်ရိုးညွှန်းတန်း မူလတန်းအဆင့် စာရိတ္တနဲ့ ပြည်သူ့နီတိ သင်ခန်းစာမှာ စကားလုံးတချို့ က လူမျိုုး၊ ဘာသာခွဲခြား ဆက်ဆံပုံရတဲ့ အဓိပ္ပာယ်တွေပါဝင်နေပြီး ဒါတွေဟာ နိုင်ငံသားအချင်းချင်း အမုန်းတရားကို အခြေခံတဲ့ပဋိပက္ခတွေကိုဦးတည်နိုင်လို့ ပညာရေးစနစ်ကို ပြန်ပြီးသုံးသပ်ပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က သမ္မတဦးဝင်းမြင့်ကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ မူလတန်းသင်ရိုး စာရိတ္တနဲ့ပြည်သူ့နီတိသင်ခန်းစာထဲမှာ ‘သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း’ ဆိုတဲ့ စကားရပ်ကိုထည့်သွင်းထားတဲ့အပေါ်မှာ အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံက ဝေဖန်ထောက်ပြကြတာပါ။ ဒါတွေဟာ လူမျိုးစုံနေထိုင်တဲ့ နိုင်ငံမှာ ကလေးတွေကြား အမုန်းတရားနဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်လို့ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေက နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ လွှတ်တော်တွေဆီကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြ တာဖြစ်ပါတယ်။

ဒီလိုလူမျိုးရေးခွဲခြားဆက်ဆံမှုတွေက ၁၉၈၈ နောက်ပိုင်းကစလို့ ပိုများလာတယ်လို့ထင်ကြောင်း၊ အရပ်သားအစိုးရ အကောင်အထည် ဖော်နေတဲ့ ဖက်ဒရယ်စနစ်နဲ့လည်းမကိုက်ညီတော့သလို ခံစားမိကြောင်း ‘အင်ကြင်းမေ’ ဟိန္ဒူအမျိုးသမီးများကွန်ရက် ပြောခွင့်ရှိသူ ဒေါ်ကတ်သလင်းသိန်းက အခုလိုပြောပါတယ်။

“စနစ်တကျကြီးကို ခွဲခြားသလိုဖြစ်နေတယ် လူကြီးတွေကတော့ထားပါတော့ ဒါတွေကို ရင်ဆိုင်၊ ကျော်လွှားနိုင်ပြီ အခုငါးနှစ်အရွယ် ကလေးလေးကို ဒါတွေစသင်ပေးနေတယ်။ ပြည်သူ့နီတိတို့ သင်ခန်းစာတို့၊ စာရိတ္တတို့ဆိုတာက တကယ့်ကောင်းမွန်တဲ့ စာရိတ္တမျိုးတွေပေါ့ အားလုံး ပြောရလို့ရှိရင် ဘာသာအသီးသီးမှာရှိနေတဲ့ အားလုံးဟာကောင်းတဲ့အရာလေးတွေနဲ့ ပူးပေါင်းပြီးတော့ အတူတကွဟို ကလေးငယ် လေးတွေကို ယှဉ်တွဲနေထိုင်တယ်ဆိုရင်တောင်မှ စကားလုံးကကြီးလွန်းပါတယ်လေ။ သဟဇာတဖြစ်အောင်ဘယ်လိုလေးများ အပေးအယူရှိအောင် ကလေးတွေကို သင်ပေးမလဲဆိုတဲ့ဟာမျိုး ဖြစ်သင့်တဲ့အချိန်ပါ။ မျိုးချစ်စိတ်ဓာတ်ရှိတာမမှားပါဘူး။ ဒါပေမဲ့နည်းလမ်းမှား နေတာ။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့အတွက်ကို အင်တိုက်အားတိုက်လုပ်နေတဲ့အချိန်မှာ ဒီစာကြောင်းတစ်ကြောင်းလေး ကလည်း အရာအားလုံးကို ဖျက်စီးပစ်လိုက်သလားလို့ခံစားမိတယ်ပေါ့နော်။”

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၈) ပုဒ်မ ၃၄၈ မှာ နိုင်ငံတော်က ဘယ်နိုင်ငံသားကိုမှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြုပြီး ခွဲခြားတာတွေမလုပ်ရဘူးလို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

အစိုးရအနေနဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲတဲ့အခါမှာ ဗဟိုချုပ်ကိုင်မှုများနေပြီး ဝိုင်းဝန်းပါဝင်ဆောင်ရွက်တဲ့ အလေ့အထအားနည်းနေတဲ့ အကျိုးဆက်က လူမှုရေးပြသနာတွေ ဖြစ်လာနိုင်တယ်လို့မြင်ကြောင်း မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ဆရာများသမဂ္ဂတာဝန်ခံ ဒေါက်တာအာကာမိုးသူကပြောပါတယ်။

“ပညာရေးသည် peace for education, education for peace ဆိုတဲ့ concept ကိုနားလည်ရမယ် ပညာရေးက ငြိမ်းချမ်းရေးကို သွားလို့ရတယ်။ ငြိမ်းချမ်းရေးဖြစ်အောင်လည်း ပညာရေးကနေ အကောင်အထည်ဖော်လို့ရတယ်ဆိုတဲ့ peace concept ကိုသွားလို့ရှိရင် စကားလုံးသုံးစွဲမှုက စနစ်တကျသုံးစွဲမှုဖြစ်လာတယ်။ လူမျိုးစုံနေထိုင်တဲ့ ဒေသတွေမှာ ဘာသာရေးအကဲဆတ်မှုတွေရှိတယ်။ လူမျိုးရေး အကဲဆတ်မှုတွေရှိတဲ့အခါမှာ အဲဒီစကားလုံး sensitive ဖြစ်တဲ့စကားလုံးတွေကို ရှောင်ကိုရှောင်ရမယ်။ curriculum (သင်ရိုး) ရေးဆွဲတဲ့ အခါမှာ။ သွပ်သွင်းတာမျိုးမဖြစ်ရဘူး။ အဲဒါက သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အခါမှာ အခြေခံကျရမယ့်ဟာတွေဖြစ်တယ်လေ၊ အဲဒီ အခြေခံကျ ရမယ့်ဟာတွေကို သူတို့က လက်မခံဘူး ပြောမယ်ဆိုရင် ငါတို့ ငါတို့လုပ်တဲ့ဟာပဲလက်ခံရမယ်ဆိုတဲ့ အယူဝါဒကကျွန်တော်တို့ ဝိုင်းဝန်း လုပ်ဆောင်မှု process ကို အတော်အားနည်းနေတယ်လို့ သုံးသပ်တယ်။”

အစိုးရအဆက်ဆက်ရဲ့ မတူကွဲပြားတဲ့ ခွဲခြားဆက်ဆံတဲ့ ပုံစံတွေကြောင့် လူမှုအသိုင်းအဝန်းမှာ ဘာသာရေး၊ လူမှုရေး ရလဒ်ဆိုးတွေ ဖြစ်ပေါ်ခဲ့လို့ NLD အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲတာတွေလုပ်ဖို့လိုကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ပေးစာမှာဖော်ပြထားပါတယ်။ ပြီးတော့ အခြေခံသင်ရိုးတွေကိုလည်း ငြိမ်းချမ်းရေးကိုဦးတည်တဲ့၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုကို တန်ဖိုးထားဖို့လည်း အဲဒီသမ္မတဆီကို ပေးတဲ့စာမှာဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG