သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုမိုတို့အတွက် ရင်တွင်းစကားသံလှုပ်ရှားမှု စက္ကူဆင်ရုပ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်


ဂင်းနစ်စံချိန်ဝင် မြန်မာ့ ဆင်ရုပ် (WWF-Myanmar)
ဂင်းနစ်စံချိန်ဝင် မြန်မာ့ ဆင်ရုပ် (WWF-Myanmar)

မြန်မာနိုင်င်မှာ ဆင်တွေ တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်တဲ့လှုပ်ရှားမှုမှာ ဖန်တီးခဲ့တဲ့ ဧရာမစက္ကူဆင်ရုပ်ကြီးဟာ ကမ္ဘာမှာအကြီးဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်သွားပါပြီ။ ဆင်တွေကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ပြီး အရေခွံအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းချမှုတွေကို တားဆီးရေးမှာ အခုလှုပ်ရှားမှုက အထောက်အကူ ဖြစ်လာဖို့လည်း မိုမိုတို့အတွက် ရင်တွင်း စကားသံ လှုပ်ရှားမှုမှာ ပါဝင်သူတွေက မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုကောင်းစံဟိန်းက တင်ပြထားပါတယ်။

ဆင်တွေကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ လူထုကြားမှာ မီးမောင်းထိုးပြဖို့ ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ဦးဆောင်စီစဉ်ခဲ့တဲ့ မိုမိုတို့အတွက် ရင်တွင်း စကားသံ လှုပ်ရှားမှုမှာ လူအများ စိတ်ဝင်စားခဲ့ကြတဲ့ စက္ကူဆင်ရုပ်ကြီးကို ကမ္ဘာမှာ အကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းက စာရင်းသွင်းလိုက်တာပါ။ ရန်ကုန်မြို့က လူစည်ကား တဲ့ နေရာတွေမှာ ပြသခဲ့တဲ့ ဝါးနဲ့စက္ကူ အသုံးပြု တည်ဆောက် ထားတဲ့ ဆင်ရုပ် ၇ ရုပ်ထဲမှာ နံရံပန်းချီ အနုပညာရှင် လူငယ်တဦးဖြစ်တဲ့ ကိုအာကာ ကျော်နဲ့ မြန်မာ့ ရိုးရာ စက္ကူအရုပ်ပညာရှင် ဦးမြင့် (ရုပ်လုံးကမ္ဘာ) တို့ ဖန်တီးခဲ့တဲ့ ဆင်ရုပ်ကြီး ကတော့ ခန္ဓာကိုယ် အလျား ၂၁ ပေ၊ အကျယ်အနံ ၇ ပေ ရှိပြီး အမြင့်မှာ ၂၁ ပေရှိပြီး စံချိန်တင်ခဲ့တာပါ။

WWF မြန်မာက ဆက်သွယ်ဆက်ဆံရေး အရာရှိ ကိုစောလင်းထက်ကတော့ မြန်မာနိုင်ငံမှာ ဆင်တွေကို တရား မဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့ အခြေအနေအထိ ကြီးထွားလာနေတဲ့အတွက် ကာကွယ် တားဆီးဖို့ လူထုကြားမှာ အသိပညာပေး လှုပ်ရှားရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ အသတ်ဖြတ်ခံလာရတဲ့ နှုန်းက တဖြည်းဖြည်း များလာတယ်ပေါ့ဗျာ။ အရင် တုန်းကဆိုရင်တော့ ကျနော် တို့ မြန်မာနိုင်ငံမှာ ရှိတာက အာရှဆင်ပေါ့နော်။ အာရှဆင်ဆိုတာက ဆင်အထီး မှာပဲ အစွယ်ရှိတာ၊ အရင်တုန်းက ဆင်စွယ်ရလိုမှုနဲ့ ဆင်အထီးတွေကို သတ်ကြတယ်။ အခုက ကျတော့ ဆင် အရေခွံ ဈေးကွက် ပေါ်ပေါက်လာတော့ ဆင်တွေကို သတ်ဖြတ် ရာမှာ ဆင်အရေခွံရလိုမှုနဲ့ ဆင်အမတွေရော၊ ဆင်သားပေါက်တွေရောမကျန် အကုန်လုံး အသတ်ဖြတ်ခံနေရတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ တောဆင်ရိုင်း အကောင်ရေနှုန်းက တဖြည်ဖြည်းနဲ့ ကျဆင်းလာတယ်ပေါ့ဗျာ။ ဘယ်လောက်ထိ ကျဆင်းလာလဲဆိုလို့ရှိရင် ၂၀၃၀ ဒါမှမဟုတ် ၂၀၃၅ လောက်မှာဆိုရင် မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေအထိ ဖြစ်လာတယ်။ … ဆိုတော့ ပြည်သူတွေ သိအောင်ဆိုပြီးတော့ Voice Of MoMoဆိုတဲ့ ကပ်ပိန်းလုပ်တယ်။ အဲ့မှာ အများပြည်သူ အာရုံစိုက်မှုရရှိအောင်ဆိုပီး စက္ကူဆင်ရုပ်ကြီး ၇ ရုပ် လုပ်ပီး အရုပ်လုပ်တဲ့ ပညာရှင်တွေနဲ့ပူးပေါင်းပီး ပြုလုပ်ခဲ့တာပါ။”

မြန်မာနိုင်ငံမှာ အပတ်စဉ် ဆင်တကောင်နှုန်း အမဲလိုက် ဖမ်းဆီးခံနေရပြီး ဆင် အရေခွံ အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တရားမဝင် မှောင်ခိုရောင်း ချမှုတွေ ရှိနေတယ်လို့လည်း WWF မြန်မာက သတိပေးထား ပါတယ်။ ဒီအတွက် လည်း ဆင်အပါအဝင် တောရိုင်း တိရစ္ဆာန်တွေ သတ်ဖြတ်ခံနေရတာကို ကာ ကွယ် တားဆီးဖို့ လူထုကြားမှာ အသိပညာပေး လုပ်ငန်းတွေကို ဒီထက်မက ပိုမိုလုပ်ဆောင်ဖို့ ရည်ရွယ်ထားပြီး တာဝန်ရှိတဲ့ ဝန်ထမ်းတွေကိုလည်း ပံံ့ပိုးကူညီသွားမယ်လို့ ကိုစောလင်းထက်က ပြောပါတယ်။

“အခု သတင်းတွေအရဆိုရင်တော့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ တောဆင်ရိုင်း အသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် တွေကတော့ နောက်ပိုင်းမှာ လျော့သွားတာကို တွေ့ရ တယ်။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ တောဆင်ရိုင်း တွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကတော့ တဖြည်းဖြည်း လျော့သွားတာတော့ တွေ့ရပါတယ်။ နောက် ပိုင်းလည်း ကျနော်တို့ ပြည်သူလူထုကို ဆက်ပြီး အသိပညာပေး လုပ်ငန်းတွေ ထပ်ပီးလုပ်ဆောင်သွားမှာဖြစ်သလို အစိုးရရဲ့ သစ်တောကင်းလှည့် ဝန်ထမ်းတွေ ကိုလည်း ပိုပြီး ထောက်ပံ့မှုတွေပေးသွားဖို့ ရှိနေပါတယ်ခင်ဗျ။”

မိုမိုတို့အတွက် ရင်တွင်းစကားသံ လှုပ်ရှားမှုအတွက် ဖန်တီးခဲ့တဲ့ ဆင်ရုပ်ကြီး ၇ ရုပ်ကိုတော့ ဝါးတွေနဲ့ အများ ပြည်သူက လှူဒါန်းတဲ့ သတင်းစာအဟောင်းတွေနဲ့ ဖန်တီးခဲ့ကြပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားတဲ့ ဧရာမ စက္ကူဆင်ရုပ်ကြီးကတော့ တကယ့်သာမန် ဆင်တွေထက် အရွယ်အစား ၃ ဆကြီးမားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG