သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှရဲ့အကြီးဆုံးဖြစ်လာမယ့် ဆင်ထိန်းစခန်း


မြန်မာ သစ်လုပ်ငန်းတွင် အသုံးပြုနေသည့် ဆင်တကောင်နှင့် ဆင်ဦးစီး။ ၂၇ ဇွန် ၂၀၁၆။
မြန်မာ သစ်လုပ်ငန်းတွင် အသုံးပြုနေသည့် ဆင်တကောင်နှင့် ဆင်ဦးစီး။ ၂၇ ဇွန် ၂၀၁၆။

မြန်မာနိုင်ငံမှာ ဆင်ကောင်ရေနည်းပါးလာတာကိုကာကွယ်ဖို့ ရည်ရွယ်ပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် ဆင်ထိန်းသိမ်းရေးစခန်းတစ်ခုကို ပဲခူးတိုင်း ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ Elephant Lake လို့အမည်ပေးထားတဲ့ အဲဒီဆင်စခန်းမှာ ဆင်တွေကို လူတွေနဲ့ တိုက်ရိုက်ကိုင်တွယ် ထိတွေ့တာ၊ စေခိုင်းထိန်းကြောင်းတာတွေမပြုလုပ်ပဲ သဘာဝအတိုင်း ထိန်းသိမ်း ထားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆင်စခန်းစီမံကိန်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုစည်သူပြောပြပေးမှာပါ။

ပဲခူးတိုင်း ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်း ရဲနွယ်ဆည်တမံတစ်လျှောက် ဟက်တာ ၁၇၀၀၀ ( ဧကအားဖြင့် ဧက ၄၂၀၀၀) ကျော်ရှိတဲ့ မြေနေရာမှာ (Elephant Lake) ဆင်ရေကန် ဆင်စခန်းကို တည်ဆောက်သွားဖို့ သြစတြီးယားအခြေစိုက် FOUR PAWS International ၊ မင်္ဂလာမြန်မာအဖွဲ့နဲ့ မြန်မာ့သစ်လုပ်ငန်းတို့ ပူးပေါင်းတည်ဆောက်မှာဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ အကြီးဆုံးဆင်ထိန်းသိမ်းရေးစခန်းဖြစ်လာမယ့် ဆင်ရေကန်ဆင်စခန်းမှာ မြန်မာ့သစ်လုပ်ငန်းက မိဘမဲ့ဆင်တွေနဲ့ စတင်မှာဖြစ်ပြီးတော့ စီမံကိန်းကာလအတွင်း ဆင်တွေကို လူတွေက တိုက်ရိုက်ထိတွေ့တာ ထိန်းကျောင်းတာ သံကြိုးနဲ့ချည်တာ စီးနင်းတာတွေ မလုပ်ပဲ သဘာဝအတိုင်းထိန်းသိမ်းစောင့်ရှောက်ထားဖို့ ရည်ရွယ်ထားတယ်လို့ မင်္ဂလာမြန်မာရဲ့ စီအီးအို ဒေါက်တာဖုန်းဝင်းကပြောပါတယ်။

အာရှဆင်ထိန်းသိမ်းရေး လုပ်ငန်း တွင် စံနှုန်း အမြင့်မားဆုံး ဆင်စခန်းအဖြစ် ရည်ရွယ်ထားတဲ့ ဆင်ရေကန်ဆင်စခန်းမှာ မွေးကင်းစဆင်နဲ့သက်ကြီးနာမကျန်းဆင်တွေ ထိခိုက်ဒဏ်ရာရတဲ့ဆင်တွေအတွက် ရွေ့လျားဆေးကုယာဉ်နဲ့ ကုသတာအပြင် ကမ္ဘာ့အဆင့်မီ ဆင်ဆေးရုံတစ်ခုကိုလည်း ဆင်ရေကန် ဆင်စခန်းအတွင်းထားရှိသွားမယ်လို့ FOUR PAWS ရဲ့ တာဝန်ရှိသူကပြောပါတယ်။

ဆင်တွေရဲ့ သဘာဝအတိုင်း သွားလာနေထိုင်တာကို လေ့လာနိုင်ဖို့လည်း စီစဉ်ထားတာကြောင့် ဒေသရဲ့ သဘာဝခရီးသွားလုပ်ငန်း (eco-tourism) လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်လို့ မျှော်မှန်းထားတာပါ။

အာရှဆင်တွေကျက်စားတဲ့ မြန်မာနိုင်ငံမှာ ဆင်မျိုးတုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဆင်ထိန်းသိမ်းရေးကိုအပူတပြင်းလုပ်ဖို့လိုနေပြီလို့ ဆင်ရေကန်ဆင်စခန်းစီမံကိန်းမန်နေဂျာ Dr.Amir Khalil ကပြောပါတယ်။

"မြန်မာနိုင်ငံမှာ သတင်းတစ်ပတ်ကို ဆင်တစ်ကောင်ဆုံရှုံးနေရပါတယ်။ တစ်ပတ်ကို တစ်ကောင်ပါ။ ဒါကြောင့်ခင်ဗျားတို့အကူအညီတွေလိုပါတယ်။ ကျွန်တော်တို့အတွက်မဟုတ်ပါဘူး။ စီမံကိန်းစီစဉ်သူတွေအတွက်မဟုတ်ပါဘူး။ ခင်ဗျားတို့ကလေးတွေ ဒီနေရာကိုလာပြီး ဆင်တွေကို ကြည့်ရှုလေ့လာနိုင်ဖို့ပါ။ ဒါက Eco-Tourism ကိုလည်းအားပေးရာရောက်ပါတယ်။ ဒီနေရာကိုလာပြီး ဆင်တွေ ဘယ်လိုနေတယ် ဘာတွေလုပ်ကြတယ်ဆိုတဲ့ သဘာဝကို လျှောက်ကြည့်ပြီးလေ့လာနိုင်မှာပါ။ ဒီနိုင်ငံအတွက်ဆင်တွေဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို လူတွေသိဖို့လိုပါတယ်။ "

မြန်မာ့သစ်လုပ်ငန်းရဲ့ခန့်မှန်းစာရင်းတွေအရ မြန်မာနိုင်ငံမှာ ယခင်က တောဆင်ရိုင်းကောင်ရေ ၅၀၀၀ ကျော်ရှိခဲ့ရာကနေ ဆယ်စုနှစ်အတွင်း တောဆင်ရိုင်းကောင်ရေ ၁၄၀၀ ကနေ ၂၀၀၀ ကြားရှိတယ်လို့ ခန့်မှန်းထားပြီးတော့ ရခိုင်၊ ပဲခူး၊ ဧရာဝတီနဲ့ မန္တလေးတိုင်းဒေသတွေမှာ နေထိုင်ကျက်စားကြပါတယ်။

တောဆင်ရိုင်းနည်းပါးလာတာအပြင် သစ်ထုတ်လုပ်ရေးမူဝါဒအပြောင်းအလဲကြောင့် အလုပ်လက်မဲ့ ဆင်အရေအတွက်များပြားလာတာကြောင့် တရားမဝင်သတ်ဖြတ်တာ ဆင်စွယ်အပြင် ဆင်အရေခွံကိုပါ ခွာယူပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် ရောင်းဝယ်တာတွေကိုရှိနေတာကြောင့် ဆင်ထိန်းသိမ်းရေးအဖွဲ့တွေက ဆင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ကိုင်နေကြပါတယ်။

ဆင်ရေကန် ဆင်ထိန်းသိမ်းရေးစခန်း
please wait

No media source currently available

0:00 0:02:58 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG