သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံ ဆန္ဒခံယူပွဲအကြို မြန်မာသံရုံး နိုးဆော်ချက် ထုတ်ပြန်


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့

မကြာခင်ရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ကျင်းပတော့မှာမို့ ထိုင်းအစိုးရဘက်က လုံခြုံရေးအထူးတင်းကျပ်ထားလို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကို သတိရှိရှိ နေထိုင်သွားလာကြဖို့ ဘန်ကောက်မြန်မာသံရုံးက သံမှူးကြီးက သတိပေးနိုးဆော်လိုက်ပါတယ်။ ထိုင်းနိုင်ငံတွင်း ခရီးသွားလာကြတဲ့အခါ သက်သေခံအထောက်အထားတွေကို မိမိနဲ့မကွာယူဆောင်သွားကြဖို့ ထိုင်းရဲတွေဘက်က လုံခြုံရေးအရ စစ်ဆေးတဲ့အခါ အသာတကြည်စစ်ဆေးခံဖို့လည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကနေ ၂၀၁၆ခုနှစ် သြဂုတ်လ (၁)ရက်နေ့ နေ့စွဲနဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် အထူးသတိပေးနိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ လာမယ့် သြဂုတ်လ(၇)ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပပြုလု်ပမှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအစိုးရဘက်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အားအမြောက်အမြားသုံးပြီး လုံခြုံရေး တိုးမြှင့်ချထားမှာဖြစ်လို့ ထိုင်းနိုင်ငံရောက်မြန်မာတွေ လုံခြုံရေးအထူးသတိရှိကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးသတိပေးလိုက်တာပါ။

ထိုင်းနိုင်ငံမှာ အခုလို ဆန္ဒခံယူပွဲအတွက် လုံခြုံရေးတင်းကျပ်နေတာနဲ့တပြိုင်နက်တည်း ထိုင်းရောက်အလုပ်သမားတွေအတွက် စီမံချက်တွေနဲ့ အရေးယူတာတွေရှိနေတဲ့အတွက် ပိုပြိးတော့ သတိနဲ့နေထိုင်ကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီးဦးဝဏ္ဏဟန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ထိုင်းမှာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၇ ရက်နေ့မှာ ကျင်းပတော့မယ်လေ။ အဲဒီအတွက်ကြောင့် သူတို့ကလည်း လုံခြုံရေးကို တင်းကျပ်နေတဲ့ ကာလဖြစ်နေတာပေါ့နော်။ ပြီးတော့လည်း အလုပ်သမားတွေနဲ့ ပတ်သက်လို့လည်း စီမံချက်လိုမျိုးဆောင်ရွက်နေတာရှိတယ်။ အခုက တရားမဝင်အထောက်အထားမဲ့ အလုပ်သမားတွေကို ဖမ်းဆီးပြီးတော့ နေရပ်ပြန်ပို့တာတို့ လုပ်နေတာပေါ့နော်။ အဲလိုမျိုးအချိန်ကာလဆိုတော့ ကိုယ့်နိုင်ငံသားတွေ ထိခိုက်နစ်နာမှု ဘာမှ မရှိအောင် ကြိုတင်သတိပေးထားတဲ့ သဘောမျိုးပေါ့ခင်ဗျာ။ အခုက ထိုင်းမှာဆိုတော့ အမတို့သိတဲ့အတိုင်း နိုင်ငံရေးကလည်း နည်းနည်းရှုပ်ထွေးနေတဲ့အနေအထားတွေရှိတယ်ပေါ့နော်။ သူတို့ Constitution အပေါ်မှာလည်း တချို့မလိုလားတဲ့အဖွဲ့အစည်းတို့ နိုင်ငံရေးပါတီတို့လည်း ရှိနေတော့လေ ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ဘယ်လိုနည်းနဲ့ ဘာအကြောင်းပဲရှိရှိ ကိုယ့်နိုင်ငံသားတွေ အလည်ပဲလာလာ ဒီမှာလည်းနေတဲ့လူတွေရှိသလို ပညာသင်တဲ့လူတွေလည်းရှိတယ်လေ အခုကာလမှာ ဂရုတစိုက်သွားလာစေချင်တာပေါ့နော်။ တစုံတရာဖြစ်ခဲ့လို့ရှိရင်လည်း ကိုယ့်နိုင်ငံသားတွေ ဘာမှ မဖြစ်စေချင်ဘူးပေါ့လေ ။ ကျနော်တို့ဖြစ်စေချင်တာက အရေးကြီးကာလမို့ သတိပေးထားတဲ့သဘောပေ့ါဗျာ။ အခုစစ်ဆေးမှုတွေလည်း တော်တော်လေးတင်းတင်းကျပ်ကျပ်လုပ်နေတဲ့ ကာလဖြစ်တော့ ကိုယ်ရဲ့ passport တို့ ID တို့ သက်သေခံအထောက်အထားတို့ ကတော့ ခရီးသွားတဲ့အချိန်မှာ ထည့်သွားဖို့လိုတာပေါ့နော်။”

ထိုင်းရောက်မြန်မာတွေ အခက်အခဲတစုံတရာရှိရင် ဆက်သွယ်ဖို့အတွက်လဲ ကြေညာချက်ထဲမှာ သံမှူးကြီး၊ သံမှူး၊ ဒုတိယအတွင်းဝန်နဲ့ အလုပ်သမားသံအရာရှိစတဲ့ သံရုံးတာဝန်ခံ ငါးဦးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြထားပြီး နေ့ညမရွေးဆက်သွယ်နိုင်ပါတယ်လို့လည်း သံမှူးကြီးဦးဝဏ္ဏဟန်ကပြောပါတယ်။

“ဆက်လို့ရပါတယ် ဒါကတော့ ကျနော်တို့ မိုဘိုင်းဖုန်းတွေပါခင်ဗျ။ နေ့ရောညရောဆက်လို့ရပါတယ်ခင်ဗျ။”

အခုချိန်ဟာထိုင်းနိုင်ငံမှာ နိုင်ငံရေးရေချိန်မြင့်နေချိန်ဖြစ်လို့ ထိုင်းရောက်မြန်မာတွေ မိမိလုံခြုံရေးကို အထူးသတိထားနေထိုင်ကြဖို့နဲ့ ကိုယ်နဲ့မဆိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့လည်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအတွက် ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်ကလည်း သတိပေးပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူ၊ မတူဆိုပြီးတော့ စစ်အစိုးရကနေပြီးတော့ ချပြပေးမယ့် ဥပဒေအပေါ်မှာ ဝိဝါဒ ကွဲလွဲမှုတွေ ထိုင်းနိုင်ငံထဲမှာ တော်တော်များပြားတင်းမာနေတဲ့အနေအထားရှိပါတယ်။ အဲဒီလို တင်းမာနေတဲ့အနေအထားထဲမှာ မိမိနိုင်ငံသားများအနေနဲ့ အသွားမတော်၊ အနေမတော်ခဲ့ရင် ဒုက္ခရောက်နေမှာစိုးလို့ ဒီကိစ္စတွေမှာ ကျနော်တို့ တက်နိုင်သမျှ ဆင်ဆင်ခြင်ခြင်နဲ့ သွားလာလို့ရှိရင်လည်း အထောက်အထားပြည့်စုံအောင်ယူသွားဖို့ ၊ လိုအပ်မှ သွားဖို့ဆိုတဲ့ဟာတွေ အလုပ်သမားတွေအားလုံးကို သိစေချင်ပါတယ်။”

အခုဆိုရင်တော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထူးသတိပေးကြေညာချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို အလုပ်သမားရေးလှုပ်ရှားသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေကနေတဆင့် အလုပ်သမားတွေကို လိုက်လံနိုးဆော်ပေးနေတယ်လို့လည်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့တာဝန်ခံ မသက်သက်ဦးက ပြောပါတယ်။

“ကိုယ့်မှာရှိနေတဲ့ စာရွက်စာတမ်းတွေကို အကုန်လုံးကို အပါယူသွားဖို့ပေါ့။ Work permit ယူသွား ၊ အလုပ်သမားကတ်ယူသွား နောက် ပက်စပို့စာအုပ်ရှိသေးတယ် သက်တမ်းမကုန်သေးဘူးဆိုရင်လည်း စာအုပ်ရှိထားတဲ့ဟာပါ ယူသွား ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က ဖြေရှင်းချက်ပေးလို့လည်းမရဘူး။ ညှိနှိုင်းလို့လဲမရဘူး စစ်တပ်အစိုးရဖြစ်တယ်ဆိုတော့နော်။ အဲဒီအတွက် မိမိနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို တပါတည်း သွားလေရာရာမှာယူဆောင်သွားဖို့ အဲဒီတွေ ကျမတို့ပြောချင်ပါတယ်ရှင့်။”

ထိုင်းနိုင်ငံကို စီးပွားရေး၊ ကျန်းမာရေး ဆေးကုသမှု၊ ပညာသင်ယူဖို့ အလည်ပတ်နဲ့ အလုပ်လုပ်ကိုင်ဖို့ စတဲ့အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီရက်ပိုင်းအတွင်း ခရီးသွားလာတဲ့အခါ အထူးသတိထားသွားလာကြဖို့နဲ့ နိုင်ငံကူးလက်မှတ်၊ ပတ်စပို့ ၊ အလုပ်လုပ်ခွင့်သက်သေခံလက်မှတ် ID လို စာရွက်စာတမ်းအထောက်အထားအပြည့်အစုံ ယူဆောင်သွားကြဖို့နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဘက်က စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် စစ်ဆေးခံယူဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ထဲက အာဏာသိမ်းခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရက ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခဲ့ပြီး ထိုင်းလွှတ်တော်အပေါ် စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို ခိုင်မာအောင်ရေးဆွဲ ထားတယ်လို့ ဝေဖန်ထောက်ပြနေကြတဲ့ ဖွဲ့စည်းပုံမူကြမ်းနဲ့ပါတ်သက်လို့ကန့်ကွက်သူ အများအပြားကို ဖမ်းဆီးနေပါတယ်။ ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ကျရင် ဆန္ဒပြမှုတွေ ကန့်ကွက်မှုတွေနဲ့ ကြုံလာရနိုင်တာမို့ ထိုင်းအာဏာပိုင်တွေဘက်က ရဲတပ်ဖွဲ့ဝင် ၁ သောင်းကျော်ကို ဖြန့်ချထားမှာဖြစ်သလို လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားမှာဖြစ်လို့ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက်နိုင်ငံခြားသားတွေ လုံခြုံရေးသတိထားကြဖို့ သက်ဆိုင်ရာသံရုံးတွေက သတိပေးနိုးဆော်နေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG