သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့တောင်အမှု မြန်မာ သံအရာရှိ သက်သေ ထွက်ဆို


ဗြိတိန်နှစ်ဦး အသတ်ခံရမှု စွပ်စွဲခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး လူသတ်ခဲ့ပုံ ထိုင်းရဲတွေက သရုပ်ပြခိုင်းနေစဉ်။
ဗြိတိန်နှစ်ဦး အသတ်ခံရမှု စွပ်စွဲခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး လူသတ်ခဲ့ပုံ ထိုင်းရဲတွေက သရုပ်ပြခိုင်းနေစဉ်။

ထိုင်းနိုင်ငံ ကော့တောင် ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ် ခံရမှု ကို တရားရုံး တင် စစ်ဆေးနေ တာမှာ မနေ့ကတော့ တရားခံပြ သက်သေ အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်ြမို့ မြန်မာသံရုံးက ဒုအတွင်းဝန် ဦးထွန်းအေး အပါ အဝင် ၃ဦးကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။ တရားခံပြ သက်သေတွေ ရဲ့ ထွက်ဆိုချက် အရ စွပ်စွဲခံရတဲ့ မြန်မာ လူငယ်၂ဦး ဟာ ထိုင်းအာဏာပိုင်တွေ ရဲ့ နှိပ်စက် ညှင်းပမ်းမူတွေကြောင့် ဖြောင့်ချက်ပေး ရတယ် ဆိုတာကို သံရုံးက ကိုယ်စားပြုကော်မတီက သက်သေထွက်ဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာလ ၂၂ရက်နေ့က စတင်ခဲ့တဲ့ တရားခွင် နောက်ဆုံးနေ့ ဖြစ် တဲ့ သောကြာနေ့ မှာတော့ မြန်မာသံရုံးက ဒုအတွင်းဝန် ဦးထွန်းအေးနဲ့ မြန်မာသံရုံး ကိုယ်စားပြုကော်မတီက တာဝန်ရှိသူတွေကို ကော့စမွေ တရားရုံးမှာ စစ်ဆေးခဲ့တာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် မြန်မာသံရုံးဘက်ကတော့ အခင်းဖြစ် ပွားပြီးချိန်က စလို့ကော်မတီ အဖွဲ့ စုံစမ်းစစ်ဆေးမူတွေ လုပ်ခဲ့ကြောင်းနဲ့ တရားခံ အဖြစ် စွပ်စွဲ ခံထားရတဲ့ မြန်မာ လူငယ်၂ဦးဟာ နှိပ်စက် ညှင်းပမ်းမူတွေကြောင့် ထွက်ဆိုခဲ့ရတယ် ဆိုတာကို သက်သေအဖြစ် တရားရုံးမှာ တင်ပြခဲ့တယ်လို့ တရားခံတို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ကဆိုပါတယ်။

" သံရုံးက ဒုအတွင်းဝန် ဦးထွန်းအေး ပါတယ်။ နောက်တခါ သံရုံးက ဦးအောင်စိုး ပါတယ်။ နောက်တယောက်က တက္ကသိုလ်က ဆရာမ ဒေါ်သူဇာနွယ်ပါတယ်။ သုံးယောက်ပါ။ အန်ကယ်လ်တို့ သံရုံးက ၅ရက် ၁၀လ ၂၀၁၄ ကနေပြီးတော့ သံအမတ်ကြီးက နေပြီးတော့ အန်ကယ်လ်တို့ကို အဖွဲ့ဖွဲ့ပေးတယ်။ အဲ့ဒီ့အဖွဲ့က ဆောင်ရွက်နေတာ။ ကော့စမွေ အကျဉ်းထောင် သွားပြီးတော့မှ သူတို့နဲ့တွေ့တယ်။ တွေ့တဲ့အခါ ကလေးတွေကို တွေ့ဆုံမေးမြန်းတယ်။ အဲ့ဒီ့အခါ နှိပ်စက်ညှင်းပမ်းတယ်ဆိုတာ အဖြေရပါတယ်။ အဲ့တာလည်း တချက်ပါပါတယ်။ ဘင်္ဂလီ ကို ဘာသာပြန်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်လူမျိုးတွေရဲ့ အမှုကို ဘင်္ဂလီက ဘာသာပြန်တာ ကွဲလွဲတဲ့အချက်လည်း ပါပါတယ်။"

အခုဆိုရင် တရားစွဲ အဖွဲ့အစည်းအနေနဲ့ အချက် ၂ချက်နဲ့ မြန်မာလူငယ် ၂ဦးကို လူသတ်မူနဲ့ စွပ်စွဲ ထားတာပါ ဒီအချက်၂ချက်ကို သက်သေ အထောက်အထားတွေ နဲ့ ချေပ တင်ပြခဲ့တယ် လို့ တရားခံတွေ ရဲ့အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

" တရားစွဲတဲ့အဖွဲ့က အချက် ၂ချက်နဲ့ အန်ကယ်လ်တို့ ကလေးတွေကို အပြစ်ရှိကြောင်းပြောတယ်။ ၁အချက်က ဖြောင့်ချက်ပေးတယ်။ ၂ အချက်က DNA တူတယ်။ DNA တူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မူခင်းဆရာဝန် အတော်များများကနေပြီးတော့ ဒီ DNA မတူဘူး ဆိုတာကို ထွက်ဆိုပြီးသွားပြီ ဒီဟာကတော့ ပညာရှင်ပိုင်းဆိုင်မှာပါ။ အခုဟာကတော့ ကလေးတွေ ဖြောင့်ချက်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ရဲစခန်းမှာ ဖြောင့်ချက်ပေး တယ်။ ၁ အချက် အကျိုးဆောင်ရှေ့နေမရှိဘူး။ ၂ အချက်က ဆွေမျိုးသားချင်း တယောက်တလေမှ မရှိဘူး။ ဒါတင် မကသေးပဲနဲ့ ဗမာဘာသာ နားမလည်တဲ့ ထိုင်းရဲတပ်ဖွဲ့က ရခိုင်နှစ်ယောက်ရဲ့ အမှုမှာ ဘင်္ဂလီကို ဘာသာပြန်တာ လွဲမှားတယ်ဆိုတာကို အန်ကယ်လ်တို့ တရားရုံး တင်ပြတာပါ။"

အခုဆိုရင် တရားခံဘက်က သက်သေစစ်ချက်တွေ ကပြီးသလောက်ဖြစ်သွားပြီမို့ လာမယ့် တရားရုံးချိန်ဖြစ်တဲ့ အောက်တိုဘာလ ၁၀ရက်နေနဲ့ ၁၁ရက်နေ့မှာတော့ တရားခံအဖြစ် စွပ်စွဲခံထားတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ဦးက စစ်ဆေးတော့မှာဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၀၀၀) ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ က ဗြိတိန်နိုင်ငံသား လူငယ် ၂ဦး သတ်ဖြတ်ခံရတာပါ။ အခင်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်း မှာ လက်ရှိ တရားခံတွေ အဖြစ် စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတိုကို တခြားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အတူ သံသယရှိသူတွေ အဖြစ် ရဲတွေက DNA စစ်ဆေး ရယူခဲ့တာပါ။

အဲ့ဒီ့အချိန်တုန်းက DNA တူညီမှုမရှိဘူး ဆိုကာ ပြန်လွှတ်ပေး ခဲ့ပြီး ၂ပတ်ခန့် အကြာ၂၀၁၄ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းမှာပဲ မြန်မာ လူငယ်၂ဦး ကို ပြန်လည် ဖမ်းဆီးပြီး လူသတ်မူနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနှစ် မကုန်ခင်မှာတော့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ အမိန့် ချမှတ်ဖွယ် ရှိနိုင်တယ် လို့တော့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေက ဆိုပါတယ်။

XS
SM
MD
LG