သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြမှု မြန်မာတွေ သတိရှိကြဖို့ သံရုံးနှိုးဆော်


ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ဘန်ကောက်မြို့လည်မှာ စုဝေးနေကြစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ဘန်ကောက်မြို့လည်မှာ စုဝေးနေကြစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဘန်ကောက်တမြို့လုံးကို ပိတ်ဆို့ဆန္ဒပြဖို့ စီစဉ်ထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ကြဖို့ တတ်နိုင်သလောက် ဆန္ဒပြနေရာတွေကို ရှောင်ရှားပြီးတော့ မိမိတို့လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ ဘန်ကောက် မြန်မာသံရုံးက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို သတိပေး တိုက်တွန်းထားပါတယ်။

နှစ်နိုင်ငံအပြန်အလှန်ချစ်ကြည်ရေးပျက်ပြားစေမယ့် အပြုအမှုတွေကို ရှောင်နိုင်ဖို့နဲ့ မိမိတို့လုံခြုံရေးကို ကိုယ်တိုင် ထိန်းနိုင်ဖို့အတွက် အခုလို သတိပေး တိုက်တွန်းရတာဖြစ်တယ်လို့ မြန်မာသံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာလည်း သတင်းမီဒီယာတွေကို မပြတ်လေ့လာပြီး ဆန္ဒပြ လူစုလူဝေးတွေနဲ့ နေရာတွေကိုသိရနိုင်ဖို့၊ ရှောင်ရှားနိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် နုတ်ထွက်ပေးဖို့ အစိုးရဆန့်ကျင်ရေးဆန္ဒပြနေကြရာမှာ အခုလာမယ့် သီတင်းပတ်မှာတော့ မြို့တော်တခုလုံးကို အသွားအလာတွေကအစ ရပ်ပြီး ဆန္ဒပြသူတွေက ထိန်းချုပ်နိုင်အောင် အတိုက်အခံဆန္ဒပြသူတွေက ရည်မှန်းထားပါတယ်။

အဲဒီအတွက်လည်း ကြိုတင်လှုံ့ဆော်စည်းရုံးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ်ယင်းလပ်က လွှတ်တော်ကို ဖျက်သိမ်းပြီး လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမယ့်လို့ အစိုးရ တာဝန်တွေကိုတော့ ယင်းလပ် အစိုးရက ဆက်ယူထားပါတယ်။

ဆန္ဒပြသူတွေကတော့ ဒီရွေးကောက်ပွဲမှာလည်း ယင်းလပ်ပါတီပဲ ဆက်ပြီး အနိုင်ရမယ်ဆိုပြီး ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ပြောနေပါတယ်။
ထိုင်းနိုင်ငံအတွင်း အခု နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးမငြိမ်သက်မှုတွေဖြစ်ပြီး အကြမ်းဖက်မှုတွေလည်း နောက်ဆက်တွဲဖြစ်တာကြောင့် လူအသေအပျောက် အတော်များများရှိခဲ့ပါတယ်။
XS
SM
MD
LG