သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွမ်းဖက် တခါသုံး ပစ္စည်းတွေ အမေရိကန် ဈေးကွက် အလားအလာ


ပလတ်စတစ်၊ စက္ကူ တခါသုံး ပစ္စည်းတွေကို အစားထိုးနိုင်မယ့် ကွမ်းဖက် တခါသုံး ပန်ကန်တွေ၊ ခွက်တွေ ထုတ်လုပ်ပြီး အောင်မြင်မှု ရလာတဲ့ ဦးမင်းကျော်ဇင်က နိုင်ငံတကာရဲ့ နည်းပညာ အကူအညီ ရဖို့ လိုလားနေတာပါ။ အသေးစား အလတ်စား လုပ်ငန်းတွေ အနေနဲ့ ဈေးကွက် လိုအပ်ချက်ကို အရည်အသွေးပြည့် ဖြည့်ဆည်းနိုင်ဖို့ အဓိက လိုအပ်ချက်က နည်းပညာ အကူအညီ ဖြစ်တယ်လို့ ပြောဆိုလာတဲ့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း (MYEA) ရဲ့ Social Entrepreneur Award ဆုနဲ့ အတူ တခြား ဆုတွေလည်း ရရှိခဲ့တဲ့ Nature Myanmar ရဲ့ တည်ထောင်သူ ဦးမင်းကျော်ဇင်နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဦးမင်းကျော်ဇင်။ ။ တခါသုံး ဖော့နဲ့ ပလတ်စတစ် အစားထိုးပေါ့ ကျနော်တို့ ဒီ တခါသုံး ပစ္စည်းတွေကို တခါသုံး ကွမ်းသီးဖက်နဲ့ ထုတ်တာပေါ့လေ။ အဲဒီဟာနဲ့ ပတ်သက်ပြီးမှ ရတာပါ ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ ကိုမင်းကျော်ဇင်တို့ ဘယ်တုန်းက စထုတ်ပါသလဲ။

ဦးမင်းကျော်ဇင်။ ။ ကျနော်တို့က ဒီ ၂၀၁၇ မှာ ကျနော်တို့ အောက်တိုဘာမှာ စထုတ်တာပါ ခင်ဗျ။ တကယ်တော့ ကျနော်တို့ Research ကတော့ ၂၀၁၇ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ၊ မတ်လ လောက်မှာ စပြီးတော့ အောင်မြင်တာတော့ ၂၀၁၇ အောက်တိုဘာမှာ အောင်မြင်တယ်။ ၂၀၁၈ မှာ ကျနော်တို့ တောက်လျှောက်ပေါ့ ပစ္စည်းလေးတွေ စမ်း ထုတ်လာတာပေါ့လေ။ ၂၀၁၉ မှာ တော်တော်လေး ထုတ်လာနိုင်တဲ့ သဘောပေါ့။ ပိုကောင်း လာတဲ့ သဘောပေါ့။ ကျနော်တို့ ၂၀၁၇ က စတာပါ။

မသိင်္ဂ ီထိုက်။ ။ ဒီလုပ်ငန်းက တပိုင်တနိုင် လုပ်ငန်းလား။

ဦးမင်းကျော်ဇင်။ ။ တပိုင်တနိုင်ပါဘဲ ခင်ဗျ။ တကယ်တော့ ကျနော်တို့လည်း ဒီလောက်ကြီး ဖြစ်လာလိမ့်မယ်လို့ အရမ်းတော့လည်း မမျှော်လင့်ပါဘူး။ စမ်းကြည့်ချင်တာပေါ့။ ဒီပစ္စည်းလေးနဲ့ ကျနော်တို့ ရမယ်ဆိုတဲ့ အိုက်ဒီယာပေါ့လေ။ တွေးမိပြီးတော့မှ စလုပ်တာ ကိုက ကျနော်တို့ ၈ လ လောက်ကြတယ်။ စမ်းနေတာပေါ့။ စထုတ်တုန်းက တပိုင် တနိုင်ဘဲ ထုတ်တာ။ ထုတ်ရင်း ထုတ်ရင်းနဲ့ လူကြိုက်များလာတော့ အဲဒါကို လိုက်ထုတ်ရင်းနဲ့ လုပ်ငန်းက တဖြည်းဖြည်းနဲ့ ကြီးလာတာ။

မသိင်္ဂ ီထိုက်။ ။ အခု ပြပွဲမှာရော ကိုမင်းကျော်ဇင်တို့ရဲ့ ဒီကွမ်းဖက်နဲ့ ထုတ်တဲ့ ထုတ်ကုန်တွေ အပေါ်မှာ စိတ်ဝင်စားမှု ဘယ်လောက် ရပါသလဲ။

ဦးမင်းကျော်ဇင်။ ။ စိတ်ဝင်စားမှုကတော့ ကျနော်တို့ မျှော်လင့်တာထက် တောင်မှ ပိုပါသေးတယ်။ တကယ်တော့ လာပြတယ် ဆိုပေမယ့် အရမ်းကြီးတော့ ကျနော်တို့ မျှော်လင့် မထားဘူးပေါ့နော်။ ကျနော်တို့ ဒါကို ထူးထူးဆန်းဆန်း ပစ္စည်း တခု အနေနဲ့ဘဲ လူတွေ ကြည့်လို့ ရအောင် ဆိုတဲ့သဘော။ မျှော်တော့ မျှော်လင့်တာပေါ့။ အရမ်းကြီး မမျှော်လင့်ရဲတာပေါ့။ တကယ်တန်းကျတော့ ဒီမှာ ရှိတဲ့ လူတွေက ကျနော်တို့ ပစ္စည်းကို အရမ်း စိတ်ဝင်စားတယ်။ Contact တွေ ယူတယ်။ သူတို့ Contact တွေလည်း ပေးတယ်။ ဖြစ်နိုင်ရင် ဒီမှာလာပြီး Export လုပ်နိုင်ဖို့ အတွက် ကြိုးစားဖို့၊ ဒီဘက်က သုံးစွဲဖို့ အတွက်က Ready ဖြစ်နေပြီပေါ့။ အမေရိကမှာ ဘယ်မှာ ရမလဲ ဘယ်မှာ ရမလဲ မေးနေကြတယ်။ ဆိုတော့ ကျနော်တို့က အမြန်ဆုံး Export လုပ်နိုင်ဖို့ ကြိုးစား ရမှာပေါ့လေ။

မသိင်္ဂ ီထိုက်။ ။ ကိုမင်းကျော်ဇင်တို့ အခု ထုတ်လုပ်နိုင်စွမ်း ဘယ်လောက် ရှိပါသလဲ ရှင့်။

ဦးမင်းကျော်ဇင်။ ။ ကျနော်တို့ လောလောဆယ်တော့ အများကြီး မထုတ်နိုင်သေးပါဘူးပေါ့။ တရက်မှာ ထောင်ဂဏန်းဘဲ ထုတ်နိုင်သေးတယ်။ ဒါပေမယ့် ကျနော် စက်ရုံ အသစ် လုပ်နေတယ်။ ဒီ ဇန်နဝါရီ လကုန် ဖေဖော်ဝါရီလဆန်းမှာတော့ တရက်ကို သောင်းဂဏန်း ထုတ်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ် ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ သောင်း ဂဏန်းဆိုတာက ။

ဦးမင်းကျော်ဇင်။ ။ အခုရေပေါ့။ တကယ်တော့ ကျနော်တို့ တလမှ ကွန်တိန်နာ တလုံးခွဲ ၂ လုံးဘဲ ထုတ်နိုင်တာပေါ့။ တကယ်တော့ ကျနော်ပြောတဲ့ စက်ရုံ အသစ် ဖွင့်သွားပြီးရင်တော့ တလကို ကျနော်တို့ အနည်းဆုံး ကွန်တိန်နာ ၅ လုံးနဲ့ ၆ လုံးကြား မှာ ထုတ်နိုင်ဖို့ လောလောဆယ် မျှော်လင့်ထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ ပြည်တွင်းမှာ အလုပ်အကိုင် ဘယ်လောက် ဖန်တီးပေးနိုင်ပါလဲ။

ဦးမင်းကျော်ဇင်။ ။ ကျနော်မှာ လောလောဆယ် အလုပ်သမားက တကယ် စက်ရုံသစ် ဖွင့်ရင်တော့ အယောက် ၃၀ - ၃၅ ပတ်ဝန်းကျင် လောက် ဖြစ်သွားတယ် ဆိုပေမယ့် ကျနော့်ရဲ့ ဒီ ထုတ်လုပ်မှု နောက်ကွယ်မှာ ကုန်ကြမ်းသွင်းတာတို့လို ဒီ သယ်ယူပို့ဆောင်ရေး တို့လို ဒါမျိုးတွေ Chain ကြီး တခုလုံးမှာတော့ အလုပ်အကိုင် အခွင့်အလမ်းက အများကြီး ပွင့်သွားမယ်။ ကျနော် ထင်တယ် ရာဂဏန်း ဖြစ်သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို ကုန်ကြမ်းသွင်းနေတာက ကွမ်းစိုက် တောင်သူတွေ ဖြစ်နေတာကိုး။ သူတို့ကို အဓိက အလုပ်အကိုင် အခွင့်အလမ်း ပေးပြီးသား ဖြစ်တာပေါ့လေ။ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော အားဖြင့် လည်းကောင်းပေါ့။

မသိင်္ဂ ီထိုက်။ ။ တခါသုံး တခြား ပစ္စည်းတွေနဲ့ ဈေးနှုန်းပိုင်းမှာရော ယှဉ်နိုင်ပါသလား။

ဦးမင်းကျော်ဇင်။ ။ အမေရိကမှာ ရောင်းတဲ့ စက္ကူတို့ တခြား ပစ္စည်းတွေနဲ့ ကျနော်တို့ ဆီက ပစ္စည်း ဈေးမကွာပါဘူး။

မသိင်္ဂ ီထိုက်။ ။ ပြည်တွင်းမှာ ရောက်တော့ရော အော်ဒါ ရသလောက် လုပ်နိုင်တဲ့ အနေအထား ရှိပါသလား။

ဦးမင်းကျော်ဇင်။ ။ လောလောဆယ် လက်ရှိ ဝယ်လိုအားကို လောက်အောင်တော့ မထုတ်နိုင်သေးဘူးပေါ့။ လောလောဆယ် ပြည်တွင်းမှာကိုက ဝယ်လိုအားက များနေတာပေါ့။ ဒါပေမယ့် စက်ရုံ အသစ် ပြီးသွားရင်တော့ ပြည်တွင်းကိုတော့ ဖူဖူလုံလုံနဲ့ ရောင်းနိုင်ပြီပေါ့။ ပြည်ပ ထုတ်ဖို့ အတွက်လည်း လိုအပ်ရင် ကျနော် စက်ရုံ - ကုန်ကြမ်းရှိတဲ့ နေရာတွေမှာ စက်ရုံတွေ ထပ်ခွဲဖို့ အတွက် ကျနော် စဉ်းစားထားတာ ရှိပါတယ်။ တကယ်လို့ ဒီဘက် (အမေရိကန်)နဲ့လည်း တကယ် ချိတ်ဆက်မိပြီ ပို့ရတော့မယ့် အနေအထားဆို ကျနော်တို့က စက်ရုံ အသစ်တွေ ထပ်ခွဲပြီးတော့ ထပ်ပြီးတော့ တိုးပြီးတော့ ထုတ်လုပ်သွားဖို့ ရှိပါတယ်။

ကျနော်တို့ အတွက် တဖက်က မခက်ခဲတာက ကုန်ကြမ်း ကျနော်တို့မှာ လုံလုံလောက်လောက် ရှိတယ်။ ပေါတယ်ပေါ့နော်။ နည်းပညာကလည်း ကျနော်တို့မှာ အထိုက်အလျောက်တော့ ကျနော်တို့ ထုတ်နိုင်နေပြီ ဖြစ်တဲ့ အတွက် ဈေးကွက်ကသာ တကယ် ဝယ်လိုအား တက်လာရင်တော့ ကျနော်တို့က လိုက် ထုတ်ဖို့က အခက်အခဲတော့ သိပ်မရှိပါဘူး။

မသိင်္ဂ ီထိုက်။ ။ မြန်မာပြည်တွင်း အပါအဝင် ပေါ့နော် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်း တွေရဲ့ အဓိက အခက်အခဲက ဝယ်လိုအားကို အရည်အသွေး ပြည့်မီစွာနဲ့ ပေးနိုင်အောင်က အတော် ရုန်းကန်ရတဲ့ အနေအထား ရှိပါတယ်။ ဆိုတော့ ဒီအတွက်ရော ကိုမင်းကျော်ဇင်တို့ ဘာများ ပြင်ဆင်ထားပါသလဲ။ ဒီအတွက်ရော အဆင်သင့် ဖြစ်ပါပြီလားရှင့်။

ဦးမင်းကျော်ဇင်။ ။ အဲဒီ အပိုင်းမှာတော့ အရမ်း အဆင်သင့် မဖြစ်ဘူး။ ကျနော်တို့ ဘက်ကတော့ တတ်နိုင်သမျှ ကြိုးစားနေတယ်။ နိုင်ငံတကာက လိုအပ်တဲ့ အရည်အသွေး ပြည့်မီဖို့ အတွက်ပေါ့။ ဒါပေမယ့် ကျနော်တို့ ပြသနာက လုံလောက်တဲ့ နည်းပညာ မရှိသေးဘူးပေါ့နော်။ ကျနော်တို့မှာ လက်လှမ်း သိပ်မမီသေးဘူး။ အဲတော့ ဒီဘက် ဒေသ ဒီဘက် နိုင်ငံတွေ ရောက်လာတဲ့ အချိန်မှာ ဒီဟာကိုဘဲ အဓိက ထားပြီး ကျနော်တို့ ချိတ်ဆက်တာတွေ အခု လုပ်နေပါတယ်။ လိုအပ်တဲ့ နည်းပညာတွေ ကျနော်တို့ ကုန်ပစ္စည်းကို ပြပြီး လိုအပ်တဲ့ နည်းပညာတွေ ထောက်ပံ့ပေးဖို့ သံရုံးနဲ့ ချိတ်ဆက်ပြီး အကူအညီ တောင်းထားတာတွေ လည်း ရှိပါတယ်။

နောက်ပြီးတော့ တခြား နိုင်ငံတွေပေါ့။ ဂျပန်တို့လို နိုင်ငံတွေလည်း အကူအညီ တောင်းထားတာတွေ ရှိတယ်။ ဆိုတော့ ဒီလို နည်းပညာမှာ ထပ်ပြီးတော့ ထပ်ပေါင်းပြီး ထုတ်နိုင်ရင်တော့ အရင်ကထက် ပိုပြီးတော့ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဖို့ ပိုပြီး လွယ်ကူမယ်လို့တော့ မျှော်လင့်ပါတယ်။ ကျနော်တို့ နိုင်ငံ လက်ရှိ အနေအထားကတော့ ကျနော်တို့ဘာသာ ရုန်းကန်နေရတာ ဖြစ်တဲ့ အတွက် အများကြီး မျှော်လင့်လို့တော့ မရသေးဘူးပေါ့နော်။ နိုင်ငံတကာရဲ့ အကူအညီနဲ့ အဆက်အသွယ်တွေနဲ့ တောင်းထားတာတွေလည်း ရှိပါတယ်။ အဲဒါတွေသာ ရရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။

တိုက်ရိုက် လင့်ခ်

(Unicode)























XS
SM
MD
LG