သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားနည်း


မြန်မာအစိုးရသစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားနည်း
မြန်မာအစိုးရသစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားနည်း

သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလေးမထားတဲ့ မြန်မာအစိုးရနဲ့ တွဲဖက်ပြီးတော့ နိုင်ငံရပ်ခြား ကုမ္ပဏီတွေ နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့၊ ဒါ့အပြင် လက်ရှိ ရင်းနှီးမြှုပ်နှံမှု ရှိပြီးသား ကုမ္ပဏီတွေ အနေနဲ့လည်း မြန်မာအစိုးရဘက်က သဘာ၀ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအပေါ် လေးစားမှုတွေ ရှိလာတဲ့ အချိန်အထိ ဆိုင်းငံ့ထားကြဖို့ BEWG ခေါ် မြန်မာနိုင်ငံ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ BEWG အဖွဲ့က မြန်မာ့သဘာ၀ ပတ်ဝန်းကျင်ဟာ အစိုးရရဲ့ မူဝါဒတွေကြောင့် စိုးရိမ်ဖွယ် ဖြစ်နေတာနဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိနေတယ် ဆိုတာကို တင်ပြထားတဲ့ မြန်မာ့သဘာ၀ ပတ်ဝန်းကျင်၊ ပြည်သူလူထု ပြဿနာများနဲ့ မူဝါဒဆိုတဲ့ အစီရင်ခံစာကို ဒီနေ့ တနင်္လာနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး ပြဿနာတွေကို စောင့်ကြည့် လေ့လာနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာခဲ့ပေမဲ့ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒသာရှိပြီး ဥပဒေထုတ်ပြန် လက်တွေ့ ကျင့်သုံးတာမျိုး မရှိတဲ့အတွက် လူထုအတွက်ရော၊ သဘာ၀ ပတ်ဝန်းကျင် အတွက်ပါ စိုးရိမ်ရတယ်လို့ BEWG အဖွဲ့ တာဝန်ခံ ကိုပေါစိန်ထွားက ပြောပါတယ်။

“Environment Policy လောက်ပဲ ရှိတယ်။ လော (Law) တော့ မရှိသေးဘူး။ အကြမ်းအားဖြင့်တော့ Draft လုပ်ထားတာ ရှိတယ်။ ဒါပေမဲ့ Approve မလုပ်သေးဘူး။ အဲဒါကြောင့် အစိုးရသစ် တက်ပြီးတဲ့နောက်မှာ ဒီလောတွေကို Approve လုပ်မလား၊ မလုပ်ဘူးလား၊ အခုထိ ကျနော်တို့ ဘာမှ မမြင်သေးဘူး။ ရင်းနှီးမြှုပ်နှံမှုတွေက အများကြီး ဝင်နေပြီ အခု။ Environment Law တွေ မရှိဘူးဆိုရင် ကျနော်တို့ စိုးရိမ်တာက ပြည်သူလူထုနဲ့ Environment ကို ဘယ်လို Protect လုပ်မလဲပေါ့။”

မြန်မာနိုင်ငံမှာ တနှစ်အတွင်း နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ကျော် ရှိလာခဲ့ပြီး အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြတာပါ။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေအတွက် စီမံကိန်းတွေချပြီး အကောင်အထည်ဖော် လုပ်ဆောင်တဲ့ နေရာတွေဟာ အများအားဖြင့် တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ တွေ့ရပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ ဒီစီမံကိန်းတွေကနေ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ထက် အာဏာပိုင်တွေနဲ့ ဆက်နွယ်နေသူတွေ၊ လာရောက် ရင်းနှီးကြတဲ့ နိုင်ငံရပ်ခြား ကုမ္ပဏီတွေ အတွက်ပဲ အကျိုးရှိပြီး ဒေသခံတွေကတော့ ဒီစီမံကိန်းတွေ လုပ်ဖို့အတွက် အတင်းအဓမ္မ မြေယာအသိမ်းခံရတာမျိုး ရှိသလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရတဲ့ IDP တွေ ဖြစ်ကုန်ကြတဲ့အပြင် ပြည်ပကို ထွက်ပြေး တိမ်းရှောင်လာရတာမျိုးပါ ရှိလာတာပါ။

ဒါ့အပြင် ကချင်လက်နက်ကိုင် အဖွဲ့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာလည်း အစိုးရ စစ်တပ်တွေက ကချင်ပြည်နယ်အတွင်း တာပိန်ရေကာတာကို အကာအကွယ်ပေးဖို့ ကြိုးစားရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က ကချင်ပြည်နယ်ထဲမှာ မြစ်ဆုံရေကာတာအတွက် တရုတ်အစိုးရကို ဆောက်လုပ်ခွင့် ပေးလိုက်တာဟာ ကချင် ဘိုးဘွားအမွေအနှစ်တွေကို ဆုံးရှုံးစေရုံတင် မကဘဲ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို အဓိက ပိတ်ဆို့လိုက်သလို ဖြစ်နေတယ်လို့လည်း KDNG ကချင်ဖွံ့ဖြိုးရေး ကွန်ရက်က ကိုနော်လာက ထောက်ပြခဲ့ပါတယ်။

“မြစ်ဆုံရေကာတာဟာ ကချင်ပြည်နယ် တခုတည်းရဲ့ ပြဿနာမဟုတ်၊ မြန်မာပြည် တပြည်လုံးရဲ့ ပြဿနာ ဖြစ်နေတယ်။ အဓိက ဆန်အိုးကြီးဖြစ်နေတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ စီးဆင်းတဲ့ ဧရာဝတီမြစ်ပေါ့၊ မြန်မာပြည်ရဲ့ လူဦးရေ တဝက်လောက်ဟာ ဧရာဝတီမြစ်ကို မှီခိုပြီးမှ လုပ်ကိုင်စားသောက်ရတာ။ ဒီမြစ်ဆုံရေကာတာ ဆောက်လိုက်ရင် ထိခိုက်မှုတွေဟာ ပိုဆိုးတယ်။ ဒါဟာဆိုရင် လုံးဝကို မဆုံးရှုံးအောင် ထားသင့်တဲ့အရာ။ တရုတ်ကနေပြီးတော့ ဒါတွေကို စဉ်းစားသင့်တယ်။ ပိုဆိုးတာက တရုတ်ဟာဆိုရင် သူတို့ရဲ့ Environment ကို လုပ်တယ်။ ပညာရှင်တွေက ထောက်ပြတယ်။ မဆောက်ဖို့ ကန့်ကွက်တယ်။ အဲဒီကြားထဲကနေ ဒါတွေကို လျစ်လျူရှုပြီး ဆောက်တယ်။ ဒါဟာ လုံး၀ မဖြစ်သင့်တဲ့ဟာပေါ့။”

နယ်စပ်ကျော်ဖြတ် ဖြစ်ပွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေ လုပ်နေတဲ့ ထိုင်းအခြေစိုက် Living River Siam လူ့အခွင့်အရေးအဖွဲ့က မစ်စ် ပီယန်ပွန်း ဒီဒေ့စ်ကတော့ …

“မြန်မာနိုင်ငံမှာ အခုလို သဘာ၀ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေတာဟာ တရုတ်၊ ထိုင်းအပြင် အိန္ဒိယ နိုင်ငံတွေကိုပါ ထိခိုက်စေတယ်ဆိုတာ အဲဒီနိုင်ငံတွေက လူတွေကို သိစေချင်ပါတယ်။ သူတို့နိုင်ငံက ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲမှာ လာပြီး ရင်းနှီးမြှုပ်နှံကြတာဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း အတွက်သာ ဆိုးကျိုးကို ဖြစ်စေတာ မဟုတ်ဘဲ နယ်မြေကျော်ဖြတ်ပြီး သူတို့နိုင်ငံတွေထဲမှာလည်း လူမှုရေးဆိုင်ရာ၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဒဏ်တွေကို ခံရတယ် ဆိုတာကို သိစေချင်ပါတယ်။” လို့ ပြောသွားပါတယ်။

ဒါကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလေးမထားတဲ့ မြန်မာအစိုးရနဲ့ ပူးတွဲပြီး အလုပ်မလုပ်ကြဖို့၊ ပြည်တွင်းမှာ အခုလက်ရှိ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း မြန်မာအစိုးရဘက်က သဘာ၀ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ လေးစားမှုတွေ ရှိလာတဲ့အထိ ဆိုင်းငံ့ထားဖို့အတွက် BEWG အဖွဲ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG