သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဆင့်ခေါ်


ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ ဒါကာမြို့ မှာတွေ့ဆုံခဲ့တဲ့ မြန်မာသံအမတ်ကြီး ဦးလွင်ဦး ( ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၁၈)

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်ပေးပြောဆိုမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မနေ့ ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ပြီး သတိပေးလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ကိုရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် Earl R. Miller ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်နိုင်ရေး မြန်မာအစိုးရမှာ အပြည့်အ၀တာဝန်ရှိနေကြောင်းပြောကြားလိုက်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

မြန်မာနိုင်ငံက ၀န်ကြီးတဦးအနေနဲ့ တာဝန်မဲ့ပြီး လူမျိုး၊ ဘာသာ ခွဲခြားရေးစိတ်နဲ့ မှတ်ချက်ပေးပြောဆိုခဲ့တာကို ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ရေတပ်ဗိုလ်ချုပ်ဟောင်း Khurshed Alam က မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဒီဇင်ဘာလ (၅)ရက်နေ့က ဆင့်ခေါ် သတိပေးပြောဆိုခဲ့တာပါ။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက သူအရင်ပြောခဲ့တဲ့ အစွန်းရောက်ဘာသာကြီးတခုဆိုတာနဲ့ ပတ်သက်လို့ အင်္ဂါနေ့က ရန်ကုန်မှာပြုလုပ်တဲ့ အခမ်းအနားတခုမှာ သတင်းထောက်တွေကို ပြန်ပြီးဖြေရှင်းရာကနေ ပြည်တွင်းနေ မွတ်စလင်တွေကို ရည်ညွန်းတာမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီတွေကို ရည်စူးတာဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကိုယ်တိုင် ကုလသမဂ္ဂမှာ သူတို့နိုင်ငံအနေနဲ့ ဒုက္ခသည် ၁ သန်းကို လက်ခံထားရတယ်လို့ ပြောပြီး နိုင်ငံတကာအကူအညီတွေတောင်းခံ၊ ဝေမျှစားနေကြောင်း သူရဦးအောင်ကိုက သတင်းထောက်တွေကို ပြောပါတယ်။ နောက်ပြီး ဘင်္ဂါလီလူငယ်တွေကိုလည်း ရခိုင်နဲ့ မြန်မာပြည်ကို ချီတက်ကြဆိုပြီး လှုံဆော် ရိုက်သွင်းနေကြောင်း ၀န်ကြီးက ပြောခဲ့တာပါ။

အခုလို ၀န်ကြီးတဦးအနေနဲ့ တာဝန်မဲ့ ပြောကြားတဲ့စကားဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့အပြင် ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်ရေး ကိစ္စကို အထူးပဲ ထိခိုက်စေကြောင်း နိုင်ငံခြားရေးဌာန အတွင်းဝန် Khurshed Alam ကပြောပါတယ်။ သာသနာရေးဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုရာမှာ သံတမန်ရေး စကားလုံးတွေကို ပြင်းပြင်းထန်ထန်သုံးနှုန်းခဲ့တယ်လို့လည်း သူကဆိုပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်အရ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက လူတွေဖြစ်တယ်ဆိုတာ ၀န်ခံထားပြီးသာဖြစ်သလို ဒီလူတွေဟာ မြန်မာဘက်ခြမ်းမှာ နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်း မြန်မာသံအမတ် ဦးလွင်ဦး ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က သတိပေးပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအားလုံး မြန်မာနိုင်ငံက သူတို့နေရပ်ကို ပြန်ရေး မြန်မာအစိုးရထက် ဘင်္ဂလားဒေ့ရှ်က ပိုပြီးလိုလားပေမယ့် သူတို့ကို နိုင်ငံသားဖြစ်ခွင့်နဲ့ အခြား အခြေခံလူ့အခွင့်အရေးတွေကို ပေးမှသာ အဓိက ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ်လို့ Khurshed Alam က ဆိုပါတယ်။

ဒါအပြင် ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဘယ်ရိုဟင်ဂျာတွေကိုမှ သူတို့အစိုးရအနေနဲ့ အစွန်းရောက်ဖြစ်အောင်လုပ်ပေးနေတာ မရှိကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် Khurshed Alam က မြန်မာသံအမတ်ကို ပြောခဲ့ပါတယ်။

အခုလို သာသနာရေးဝန်ကြီး သူရဦးအောင်ကို မှတ်ချက်ပေးပြောဆိုချက်အပေါ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာချိန်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုနေတဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Earl R. Miller ကလည်း ဒုက္ခသည်စခန်းတွေရဲ့အခြေအနေဟာ အလွန်ကိုဆိုးရွားနေဆဲဖြစ်ပြီး မြန်မာဘက်ခြမ်း သူတို့ နေရပ်ရွာတွေကို ပြန်နိုင်ရေး အရေးကြီးနေကြောင်း အခုလို ပြောပါတယ်။

“Cox’s Bazar က ဒုက္ခသည်စခန်းတွေကို ဒုတိယမြောက်နေ့အဖြစ် လာရောက်ကြည့်ရှုရာမှာ ဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ အလွန်ကြီးမားတဲ့ အကျပ်အတည်းကြီးကို မြင်ရတဲ့ ကျနော့်အဖို့ အလွန်ပဲ တုန်လှုပ်ခြောက်ချားပြီး စိတ်မကောင်းဖြစ်ရပါတယ်။ မနေ့ကလည်း ကျနော်ပြောခဲ့ပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရော၊ ပြည်သူတွေရဲ့ သဘောထားကြီးမှု၊ စေတနာအပြည့်နဲ့ ကူညီမှုဟာ တကယ့်ကို ကျေးဇူးတင် လေးစားထောက်ပါတယ်။ တချိန်တည်းမှာပဲ ကျနော်မြင်တာက ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် အရေးကြီးဆုံးဟာ သူတို့နိုင်ငံကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ ဖြစ်ပါတယ်။”

သူ့ကို်ယ်တိုင် မြင်တွေ့ရတဲ့အခြေအနေအရ ဒုက္ခသည်တွေ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်မှုရှိတာတွေ့ရပြီး အဓိကတာဝန်ရှိတဲ့ မြန်မာအစိုးရဘက်က ဒုက္ခသည်တွေလုံခြုံရေးနဲ့ ပတ်သက်တဲ့ အာမခံချက်မျိုးရှိစေမယ့် အခြေအနေမျိုး တိုးတက်လာတာမတွေ့ရဘူးလို့ အမေရိကန်သံအမတ်ကြီး Earl R. Miller ကပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်အရေးကို ကမ္ဘာကြီးအနေနဲ့ မျက်ခြေမပျက်အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာတွေ ထွက်ပြေးလာနေဆဲဖြစ်ပြီး တလကို လူဦးရေ (၁၅၀) ဒါမှမဟုတ် (၂၀၀) လောက်ရှိနေပါတယ်။ ဒါဟာ တကယ့်ကို များပြားတဲ့ အရေအတွက်ပါ။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ စီးပွားရေးအရရော၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးအရပါ အလွန်ထိခိုက်ပါတယ်။ ဒီမှာရှိတဲ့ အသိုင်းအ၀ိုင်းတွေ ပူးပေါင်းအလုပ်လုပ်တာကို မြင်ရတာ တကယ့်ကို လေးစားစရာကောင်းပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေ သူတို့မူရင်းနေရပ်ကို ပြန်နိုင်ဖို့ အခြေအနေတွေ လက်တွေ့ဖန်တီးပေးဖို့ မြန်မာဘက်မှာ တာဝန်ရှိနေပါတယ်။”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ဖြစ်ပေမယ့် ဒုက္ခသည်တွေ တယောက်မှ မပြန်ကြတဲ့အတွက် အစီအစဉ် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ မြန်မာဘက်က လက်ခံမယ့် ပထမဆုံးအသုတ်စာရင်းမှာ ဒုက္ခသည်ပေါင်း ၂,၂၅၁ ဦးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG