သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့က အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ သီးခြား ကြေညာချက်တွေ ထုတ်ပြန် ကန့်ကွက်လိုက်ကြပါတယ်။

အခုတိုက်ပွဲတွေဟာ တိုင်းရင်းသားနယ်မြေတွေအတွင်း မြန်မာ့တပ်မတော်က နယ်မြေကျူးကျော် ထိုးဆင်မှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ ထိခိုက် ဒဏ်ရာရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာတွေအပြင် အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြကြောင်း၊ ဒါကြောင့် ဒီ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း UNFC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာတော့ - နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တခြား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနည်းတူ KIO အနေနဲ့ တက်ရောက်ခဲ့ပြီး နိုင်ငံရေးသဘောထားနဲ့ ဖက်ဒရယ်စနစ် အခြေခံမူများကို တင်ပြခဲ့ကြောင်း၊

ဒါပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ စီစဉ်နေဆဲ ကာလအတွင်းမှာပဲ KIA တပ်ဖွဲ့တွေကို မြန်မာ့ တပ်မတော်က လေကြောင်းက အပါအ၀င် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်တွင်းစစ်ပြဿနာကို အစိုးရက နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနေတဲ့အချိန် တပ်မတော်ဘက်က အဲဒီလို တိုက်ခိုက်တာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ထွန်းလာရေးကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ဒါကြောင့်လည်း လက်ရှိ လုပ်ဆောင်နေတဲ့ တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပေါ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးအားလုံးကို မြန်မာ့တပ်မတော်ကသာ တာဝန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG