သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖွံ့ဖြိုးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ တိုင်းရင်းသားတွေ တိုက်တွန်း


နယ်စပ်ဖွံ့ဖြိုးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ တိုင်းရင်းသားတွေ တိုက်တွန်း
နယ်စပ်ဖွံ့ဖြိုးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ တိုင်းရင်းသားတွေ တိုက်တွန်း

အစိုးရသစ်က နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေချ လုပ်ဆောင်သွားမယ်လို့ ပြောဆို လိုက်ပေမဲ့ ဒီလို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ ပါဝင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့ လိုတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ အထူးသဖြင့် မတည်မငြိမ် ဖြစ်နေတဲ့ တိုင်းရင်းသား နယ်စပ်ဒေသ တိုးတက်ရေးအတွက် ဆွေးနွေး အဖြေရှာဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အစိုးရသစ် လက်ထက်မှာ နယ်စပ်ဒေသတွေကို တဘက် အိမ်နီးချင်း နိုင်ငံတွေထက် ဖွံ့ဖြိုးမှု သာလွန်တဲ့ အထိ လုပ်ဆောင်သွားမယ်လို့ အစိုးရသစ် သမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့ကပဲ ပြောပါတယ်။ နယ်စပ် ဒေသတွေ ဖွံ့ဖြိုးရေး လုပ်ဆောင်တာမှာလည်း ဒေသခံတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် ပါဝင်နိုင်ရေးကို တိုင်းရင်းသား ခေါင်းဆောင်တွေက ထောက်ပြ ပြောဆိုပါတယ်။ စစ်အစိုးရ အဆက်ဆက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်နေမှုတွေရဲ့ ရလဒ်တွေကို ကြည့်ရင် တကယ်တမ်း ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရှိဘူးလို့လည်း ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“နယ်စပ်ဒေသမှာ ဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ ဌာနေ တိုင်းရင်းသားတွေ၊ ဒေသသူ ဒေသသားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်မှာ ပါဝင်နိုင်ရေးဟာလည်း သိပ်အရေးကြီးပါတယ်။ ဥပမာ သစ်တောတွေ လုပ်မယ်၊ လမ်းဖောက်မယ်၊ ရေကာတာလုပ်မယ်၊ ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် နေပြည်တော်က ချမှတ်တာ မဟုတ်ဘဲနဲ့ အဲဒီဒေသမှာရှိတဲ့ လူထုတွေရဲ့ သဘောထား အမြင်နဲ့ ဆုံးဖြတ် ပိုင်ခွင့် ပါလာတယ် ဆိုရင်တော့ ဒါ စစ်မှန်တဲ့ ဖွံ့ဖြိုးရေး ဖြစ်လာနိုင်တာပေါ့ဗျာ။”

လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ နယ်စပ်ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်က ငြိမ်းချမ်းရေးရဖို့ အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်တယ်လို့ လက်ရှိ လွှတ်တော်အမတ် မွန်ပြည်နယ် လူမှုရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။

“ပြည်သူတွေကတော့ ငြိမ်းချမ်းရေးကို ပိုရစေချင်တာပေါ့လေ။ သူတို့က တကယ် ခံစားရတာကိုး။ နည်းလမ်းတော့ ရှာရမှာပေါ့။ အားလုံး ပေါင်းလုပ်သင့်တယ်ဆိုတော့ တယောက်တည်းရဲ့ သဘောကို ပြောရတာ နည်းနည်းခက်တယ်လေ။ အားလုံး သဘောတူညီမှုတခု ရအောင် တွေ့ဆုံပြီးတော့ ကိုယ်လိုချင်တဲ့ဟာလေးတွေ ပြောပြသလို ဆွေးနွေးပွဲ တခုလို့ ပြောလို့ရတာပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အဖြေရှာလို့ ရပါတယ်။”

နယ်စပ်ဒေသတွေ လုံခြုံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တာမှာ အခြေချ နေထိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ၊ ဒေသခံ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရ အနေနဲ့ နှစ်ဘက် သဘောတူနိုင်မယ့် အနေအထား တခုအထိ ရရှိအောင် နိုင်ငံရေးအရ အဖြေရှာ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“စစ်မှန်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့လိုတယ်။ နောက်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ ညှိနှိုင်းပွဲတွေ လိုတယ်။ အပစ်အခတ် ရပ်ခိုင်းတာတွေကိုတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက လူနည်းရင် နည်းမယ်၊ အင်အားနည်းချင် နည်းမယ်၊ ဒါပေမဲ့ သူတို့ကို အထက်စီးနဲ့ တန်းတူရည်တူ မဟုတ်ဘဲနဲ့ ဗိုလ်ကျ လွှမ်းမိုးပြီး ခိုင်းရင်တော့ ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အဲဒါကို တပ်မတော်က သဘောပေါက်ဖို့ လိုပြီးတော့ ဂုဏ်သိက္ခာရှိသော တွေ့ဆုံဆွေးနွေးရေးနဲ့ လုပ်ရင် တိုင်းပြည် တည်ငြိမ်ဖို့ ဝိုင်းလုပ်ကြမှာချည်းပဲလို့ ကျနော် ယုံကြည်တယ်။”

မကြာခင်က ဖျက်သိမ်းလိုက်တဲ့ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းပေးမှုတွေ ရှိခဲ့ပါတယ်။ အင်အားကြီးတဲ့ အပစ်ရပ် အဖွဲ့တွေ ကတော့ နယ်ခြားစောင့်တပ် ဖွဲ့ရေးကို ငြင်းဆန်ခဲ့ကြပါတယ်။ လက်ရှိ အနေအထားမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG