မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေအပေါ် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များ အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း အစီရင်ခံခဲ့တာပါ။
ဒီအချက်အလက်တွေကိုတော့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့ ချင်းပြည်နယ် တကြောက မိသားစုပေါင်း ၆၂၀ ကျော်နဲ့ ပြီးခဲ့တဲ့နှစ်အတွင်း လပေါင်းအတော်ကြာကြာ မေးမြန်းမှုတွေကနေ သိရှိခဲ့ရတာလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
စစ်အစိုးရ လက်အောက်က ဘ၀လို့ အမည်ပေးထားတဲ့ အစီရင်ခံစာထဲမှာတော့ မေးမြန်းမှုတွေ လုပ်ခဲ့သူတွေရဲ့ ၉၀% ကျော်ဟာ သူတို့မိသားစုဝင်တွေထဲက အနည်းဆုံး တယောက်ဟာ အခကြေးငွေ မရဘဲ အဓမ္မ လုပ်အားပေး စေခိုင်းခံရဖူးတယ်လို့ ဖော်ပြခဲ့တာပါ။
၁၉၉၇ ခုနှစ်တုန်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့ဖူးတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များ အဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံတ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေဟာ လူသားတွေအပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှု မြောက်မမြောက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းသွားဖို့ တိုက်တွန်းနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။