သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဥရောပ ပူးတွဲ လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပ


ဥရောပသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Stavros Lambrinidis
ဥရောပသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Stavros Lambrinidis
မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေတဲ့နေရာမှာ မြန်မာအစိုးရဘက်က အဆင့်သင့်ဖြစ်မဖြစ် စောင့်ကြည့်ဖို့လိုတယ်လို့ ပြည်တွင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ပထမဆုံးအကြိမ် မြန်မာနဲ့ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲအတွက် ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ Stavros Lambrinidis နဲ့ အဖွဲ့ဟာ စနေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထားပါတယ်။

မစ္စတာ Stavros Lambrinidis ဦးဆောင်တဲ့ ဥရောပလူ့အခွင့်အရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရနဲ့ ဒီကနေ့ နေပြည်တော်မှာ မတွေ့ဆုံခင် လူထုအခြေပြုအဖွဲ့အစည်းပေါင်း (၂၀)ကျော်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားကိစ္စအပါအဝင် သတင်းမီဒီယာနဲ့လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ ခွဲခြားဖိနှိပ်မှု၊ လယ်ယာမြေသိမ်းတဲ့ကိစ္စ စတဲ့အကြောင်းအရာလေးခုကို ဥရောပသမဂ္ဂဘက်က အဓိကထားဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေး Equality Myanmar အဖွဲ့ရဲ့ တာဝန်ခံ ဦးအောင်မျိုးမင်းက အခုလို ပြောပြပါတယ်။

“ကျနော်ကတော့ အဓိကပြောပြတာက နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်း စောင့်ရှောက်မှုအပိုင်းမှာ အားနည်းနေတယ်ဆိုတဲ့ အချက်တွေ ထောက်ပြတာ ရှိတယ်။ နောက်တစ်ခုက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ပေါ့။ ဒါကတော့ နည်းအမျိုးမျိုးပါ။ တစ်ဦးချင်း ထုတ်ဖော် ပြောဆိုဖို့အတွက် ကန့်သတ်မှုတွေ ရှိနေတယ်။ နောက်တခါ စုဝေးမှုဆိုတာမျိုး လုပ်ဆောင်ဖို့အတွက်က ပုဒ်မ (၁၈) ကြီးက လုပ်ဆောင်နေတဲ့အပြင် အခုဆို အတော်များများက နိုင်ငံတော်အပေါ်မှာ အကြည်ညို ပျက်စေမှု၊ ဆူပူဖို့အတွက် လှုံ့ဆော်မှုဆိုတဲ့ဟာနဲ့ ဖမ်းဆီးခံထားရတဲ့စာရင်းကို တင်ပြတယ်။ မီဒီယာသမားတွေမှာ ပစ်မှတ်ထားပြီးတော့ လုပ်ဆောင်နေတဲ့အကြောင်း တင်ပြပါတယ်။”

ဒါ့အပြင် အမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်တဲ့ ဥပဒေတွေပြဌာန်းဖို့ ကြိုးပမ်းချက်တွေ၊ တိုင်းရင်းသားဒေသတွေက ဒုက္ခသည်စခန်းတွင်း အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်း လူထုအခြေပြုအဖွဲ့အစည်းတွေက တင်ပြခဲ့သလို အဓိကပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဥရောပသမဂ္ဂက မြန်မာအစိုးရနဲ့တွေ့တဲ့အခါမှာ တိုက်တွန်းပေးဖို့ ပြောဆိုခဲ့တဲ့ အကြောင်း Triangle Women Support Group က တာဝန်ခံ မခင်လေးက ပြောပါတယ်။

“အားလုံးရဲ့ပြဿနာတွေသည် ဒီ အခြေခံ ဥပဒေပြင်ဆင်ရေးပေါ်မှာပဲ မူတည်နေတယ်။ နိုင်ငံရေး အပြောင်းအလဲပေါ်မှာ မူတည်နေတာ ဖြစ်တဲ့အတွက် အခြေခံဥပဒေပြောင်းလဲအောင် လုပ်ဖို့ပေါ့နော်-တော်တော်များများကတော့ ပြောတယ်၊ capacity နည်းတယ်ပေါ့နော်။ ကျမတို့ဆီမှာ ရှိတဲ့ capacity က ပြောရလောက်အောင် နိမ့်ကျနေတာ မဟုတ်ဘူး၊ ကျမတို့မှာ အထိုက်အလျောက် capacity ရှိတယ်။ အဓိက ကတော့ လုပ်ချင်တဲ့ ဆန္ဒမရှိတဲ့အတွက် တာဝန်ရှိတဲ့သူတွေက လုပ်ပေးဖို့အတွက်ကို အချိန်ဆွဲနေတယ်၊ ကြန့်ကြာအောင် လုပ်နေတယ်၊ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ဒါကို ကျမတို့က အဓိက တွန်းအားပေးဖို့ လိုတယ်။”

ဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အရေးဆောင်ရွက်နေသူတွေ၊ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေတိုးတက်လာဖို့ ဥရောပသမဂ္ဂဘက်က အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေဟာ တကယ်ပဲ ထိရောက်မှု ရှိမရှိဆိုတာ မြန်မာအစိုးရဘက်က အပြန်အလှန်ပူးပေါင်းလုပ်ဆောင်မှုအပေါ်မှာ မူတည်နေတယ်လို့ ကိုအောင်မျိုးမင်းက မြင်ပါတယ်။

“ထိရောက်မှုကတော့ သူတို့ဘက်က တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ ထိရောက်မှု ရှိမရှိကတော့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲ့ ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်မှုရှိလဲဆိုတာပေါ်မှာ အများကြီး မူတည်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အီးယူဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အရေးယူ ဆောင်ရွက်မှုတွေ ရှိတယ်။ မြန်မာနိုင်ငံ တိုးတက်မှုတွေ ရှိလာပြီးဆိုပြီးတော့ ပိတ်ဆို့မှုတွေကို အရှိန်လျှော့ချလာတယ်။ တချိန်တည်းမှာ စီးပွားရေးလုပ်ငန်းတွေ ဝင်လာတယ်။ အဲဒီအပေါ်မှာ တဘက်က လျှော့ချပြီးတော့ ဒီဘက်ကကော တကယ်တန်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုးမြင့်လာတာ ရှိသလားဆိုတာ ဒါက ဒီဘက်ပေါ်မှာ အများကြီး မူတည်နေတယ်။”

ဥရောပသမဂ္ဂအနေနဲ့ မြန်မာရဲတပ်ဖွဲ့တွေကို သင်တန်းပေးနေတဲ့အစီစဉ်ဆက်လက်ဆောင်ရွက်ဖို့ရှိပြီး လူ့အခွင့်အရေးပညာပေးရေးနဲ့ ပတ်သက်လို့ နည်းပညာပိုင်းဆိုင်ရာဘက်ကလည်း အကူအညီပေးဖို့ရှိတယ်လို့ ကိုအောင်မျိုးမင်းကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က ဘယ်လ်ဂျီယံနိုင်ငံ Brussels မှာကျင်းပတဲ့ ဥရောပကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာလည်း မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ လက်တွေ့အကောင်အထည်ဖေါ်ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ Stavros Lambrinidis ဦးဆောင်တဲ့အဖွဲ့ဟာ မေလ (၂၁) ရက်နေ့မှာ မြန်မာနိုင်ငံကနေပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
XS
SM
MD
LG