ရခိုင်ပြည်နယ်တွင်းမှာ လုံခြုံရေး တပ် အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပ သမဂ္ဂ၊ နောက် သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာတွေအများစု ပါဝင်တဲ့လူပေါင်း ၅ သိန်းနီးပါးထွက်ပြေးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးဥရောပ ကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းလိုက်တာပါ။
ဒါ့အပြင် လက်ရှိ ကျင့်သုံးနေတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ရောင်းချမှု တားမြစ်မှုကိုလည်း ဆက်လက်ထားရှိဖို့ ဥရောပ သမဂ္ဂက အတည်ပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတဲ့ အများစု ရိုဟင်ဂျာတွေ ဖြစ်ကြတဲ့ လူပေါင်း ၅ သိန်းနီးပါးတို့ ဘေးကင်းလုံခြုံမှုရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်နိုင်ရေးက အရေးအကြီးဆုံး ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဒေသ အများအပြားမှာ တားမြစ်ခံထားရတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အကူတွေနဲ့ မီဒီယာတွေ ဝင်ရောက်ခွင့် ပေးဖို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ဥရောပ ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ တောင်းဆိုထားပါတယ်။
အကြမ်းဖက်မှု အားလုံးကို ဘက်ပေါင်းစုံက ချက်ချင်းရပ်ဖို့လည်း ဥရောပ ကောင်စီက တောင်းဆိုသလို မြန်မာ စစ်တပ် အနေနဲ့ စစ်ဆင်ရေးတွေကို ရပ်ဖို့၊ အရပ်သားတွေကို ခွဲခြားဆက်ဆံမှု မရှိဘဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ အသေအချာ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
အခြေအနေတွေ တိုးတက်မှု မရှိရင် ဥရောပ ကောင်စီဘက်က နောက်ထပ် အရေးယူမှုတွေ ဆက်ပြီး လုပ်သွားဖို့ ရှိသလို အခြေအနေတွေ တိုးတက်လာခဲ့ရင်လည်း တုံ့ပြန်ဖို့ အဆင်သင့်ရှိနေပါတယ်လို့ ဥရောပ ကောင်စီ ကြေညာချက်က ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ လူမှု စီးပွားဖွံ့ဖြိုးရေးတို့ကို ဥရောပ ကောင်စီဘက်က ဆက်လက် ထောက်ပံ့သွားမှာ ဖြစ်တာကြောင့် မြန်မာ အစိုးရဘက်က ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော် နိုင်ရေး ပံ့ပိုးဖို့ အဆင်သင့် ရှိနေတယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးကြရသငသူတွေ အပြင် ကချင်နဲ့ ရှမ်းပြည်နယ်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူ ၁ သိန်းတို့ အတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးခွင်ပြုရေး မြန်မာ အစိုးရကို ဥရောပ သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။