သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နဲ့ ဆက်ဆံမှုအတွက် အရှေ့တီမောသံရုံးတာဝန်ခံ နှင်ထုတ်ခံရ


EAST TIMOR PRIME MINISTER ELECT XANANA GUSMAO
EAST TIMOR PRIME MINISTER ELECT XANANA GUSMAO

မြန်မာနိုင်ငံအခြေစိုက် အရှေ့တီမောသံရုံးက ယာယီတာဝန်ခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက မြန်မာနိုင်ငံက နှင်ထုတ်လိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ မတိုင်မီ နိုင်ငံက ထွက်ခွာဖို့ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ သံတမန်စာနဲ့ အကြောင်းကြားခဲ့ကြောင်းလည်း နိုင်ငံခြားရေးဌာနက လူမှုကွန်ရက် စာမျက်နှာမှာ ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့ NUG နဲ့ ထိတွေ့ဆက်ဆံတာဟာ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ဖော်ပြခဲ့တာပါ။

အရှေ့တီမော အစိုးရကတော့ သံတမန်နှင်ထုတ်တဲ့ စစ်ကောင်စီ လုပ်ရပ်ကို ရှုတ်ချလိုက်ပြီး၊ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းရေး ကြိုးပမ်းမှုတွေကို အားပေးထောက်ခံဖို့ အရေးကြီးကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ့်အကြောင်း တုန့်ပြန်ခဲ့ပါတယ်။

NUG ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တီမောအစိုးရတို့ မကြာသေးခင်က ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပြီးနောက် စစ်ကောင်စီက သံရုံးတာဝန်ခံကို နှင်ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီလဆန်းမှာပဲ အရှေ့တီမောနိုင်ငံ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား တက်ရောက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကို သမ္မတ Jose Ramos-Horta က တရားဝင် ဖိတ်ကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို လူ့အခွင့်အရေးသင်တန်း ဖွင့်လှစ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး သမ္မတ Ramos-Horta ကိုယ်တိုင်လည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။ အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao ကလည်း မြန်မာနိုင်ငံ အကျပ်အတည်းကို မဖြေရှင်းနိုင်သေးဘဲ အာဆီယံအသင်းကို အဖွဲ့ဝင်အဖြစ်ပါဝင်မှာ မဟုတ်ကြောင်း ဒီလဆန်းမှာပဲ ပြောကြားထားပါတယ်။

XS
SM
MD
LG