မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်သုတေသီ ပါမောက္ခ David Steinberg ဟာ အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားပါတယ်။ Maryland ပြည်နယ် Bethesda မြိုက နေအိမ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူက Washington Post သတင်းစာကို အတည်ပြုခဲ့ပါတယ်။ ပါမောက္ခ Steinberg ဟာ ဝါရှင်တန်မြို့တော်က Georgetown တက္ကသိုလ်မှာ အာရှလေ့လာရေးဌာန ညွှန်ကြားရေးမှုးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သလို၊ သံတမန်ရေး၊ မူဝါဒရေး၊ မြန်မာ့အရေး၊ အာရှအရေး နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူပညာရှင်တဦးအဖြစ် နှစ်ပေါင်း ၇၀ လောက် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ VOA မြန်မာပိုင်းအတွက် သီးသန်းမေးမြန်းခန်းပေါင်းများစွာ ဖြေဆိုတဲ့ဖူးသူ ပါမောက္ခ Steinberg ကွယ်လွန်တာဟာ ကြီးမားတဲ့ဆုံးရှုူံးမှု ဖြစ်တယ်လို့ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက အခုလို မှတ်ချက်ပေးပါတယ်။
"ပါမောက္ခ David Steinberg က မြန်မာ့အရေးကို ဆယ်စုနှစ်ပေါင်းများစွာ မျက်ခြေမပြတ် လေ့လာသုံးသပ်ရေးသား တင်ပြခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဘက်လိုက်မှုမရှိဘဲ၊ တွေ့ရှိမှုပေါ် အခြေခံပြီးတော့ ပကတိအတိုင်း ပြောဆိုတတ်ပါတယ်။ ဒါကြောင့်လည်း အယူအဆ မတူသူတွေက သူကို အမျိုးမျိုဝေဖန်ကြတာကို ခံရပါတယ်။ အရင်စစ်အစိုးရလက်ထက်တုန်းက သူ့ကို ရန်သူစာရင်းမှာ ထည့်သွင်းထားတာကို တွေ့ရတယ်ဆိုတဲ့အကြောင်း အထောက်အထားနဲ့ သူက ဆောင်းပါးတပုဒ် ရေးခဲ့တာကို ကျနော် တွေ့ခဲ့ရပါတယ်။ ဒါကို ဆရာကြီးက ဂရုမစိုက်ပါဘူး။ သူက စေတနာထားပြီးတော့ ကောင်းစေချင်တဲ့သဘောသာ ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် မေးတဲ့အင်တာဗျူးမှာ သူက ဘာပြောလဲဆိုတော့ မြန်မာနိုင်ငံဟာ ရစရာမရှိအောင် ပျက်ဆီးသွားပြီ။ မင်းအောင်လှိုင်ကိုသာ ငါ ပြောခွင့်ရမယ်ဆိုရင် တပ်မတော်ဆိုတဲ့ ဂုဏ်သိက္ခာဆိုတာလည်း အခုအခါမှာ အဖတ်ဆယ်လို့ မရအောင် လုံးဝပျက်ဆီးသွားပြီ ပြောချင်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ ပြန်လည်ပြီး အေးချမ်းတည်ငြိမ်လာမယ့် အခြေအနေကို မြင်ရဖို့အတွက် ငါ အသက်မမီတော့ပါဘူး။ ငါ မြင်ရတော့မှာ မဟုတ်ဘူးလို့ သူ စိတ်မကောင်းစွာနဲ့ ပြောသွားပါတယ်။ အခုလို ပညာရှင်ကြီးတယောက် ကွယ်လွန်သွားတာဟာ ပညာရပ်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ ကျနော်က ပြောချင်ပါတယ်။"
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၁၉၅၈ ကနေ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့အချိန်အထိ Asia Foundation အဖွဲ့တာဝန်နဲ့ မြန်မာနိုင်ငံမှာ ၄ နှစ်ကြာ နေထိုင်လုပ်ကိုင်ခဲ့ရာက စတင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက စတင်ပြီး သူ မကွယ်လွန်ခင်နှစ်တွေအထိ ဆယ်စုနှစ် ပေါင်းများစွာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ မြန်မာ့ဒီမိုကရေစီအရေး၊ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအရေးတွေကို ပြောဆိုရေးသား ဆွေးနွေးခဲ့သူပညာရှင်တဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးနောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အကြံပြုတင်ပြချက်တွေ၊ သုံးသပ်ချက်တွေအပေါ် ဝါရှင်တန် နိုင်ငံရေးအသိုင်းအဝိုင်းက မြန်မာ့အရေး မူဝါဒချမှတ်သူတွေအတွက် အလေးထားစရာ ဖြစ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါတဲ့အခန်းကဏ္ဍနဲ့ သူ့ရဲ့စွမ်းအားကို အသိအမှတ်ပြု တန်ဘိုးထားခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ မြန်မာစစ်အာဏာရှင်တွေအပေါ် စီးပွားရေးပိတ်ဆို့အရေးယူတဲ့ မူဝါဒကို လက်မခံဘဲ၊ တွေ့ဆုံဆွေးနွေးရေးကို အားပေးခဲ့တာကြောင့် ၁၉၈၈ နောက်ပိုင်း မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ သဘောထားကွဲလွဲတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရရဲ့ မြန်မာစစ်အာဏာရှင်တွေအပေါ် ဒဏ်ခတ်အရေးယူတဲ့ မူဝါဒကိုလည်း ဝေဘန်ခဲ့ပြီး ထိတွေ့ဆက်ဆံရေးကို အားပေးခဲ့ပါတယ်။
သူဟာ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးရေးနည်းကို လိုလားသူတဦး ဖြစ်တယ်လို့ သူကိုယ်တိုင် ပြောကြားခဲ့ဖူးပါတယ်။ မြန်မာ့အရေးတင်မက မြောက်ကိုရီးယား၊ အီရန်စတဲ့ အရေးတွေမှာလည်း ထိတွေ့ဆက်ဆံရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အားပေးသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးလို ကိစ္စမျိုးမှာလည်း အကြမ်းဖက်နှိပ်စက် သတ်ဖြတ်ခဲ့တာတွေဟာ လူသားတွေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် စစ်ရာဇဝတ်မှုဆိုတာမျိုးကို လက်ခံပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှုလို့ အမေရိကန်အစိုးရက သုံးနှုန်းတာကိုတော့ အကျိုးမဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
သူဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး သတင်းဌာနတွေနဲ့ အင်တာဗျူး ရာပေါင်းများစွာ လုပ်ခဲ့သလို၊ ဆောင်းပါးပေါင်းများစွာကိုလည်း ရေးသားခဲ့ပါတယ်။ ဒါ့အပြင် “Turmoil in Burma”, “Contested Legitimacies in Myanmar” စတဲ့ မြန်မာနိုင်ငံဆိုင်ရာစာအုပ်တွေအပြင် အာရှနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဒါဇင်နဲ့ချီတဲ့ စာအုပ်တွေကိုလည်း ရေးသားပြုစုခဲ့ပါတယ်။
သူဟာ တောင်ကိုရီးယားဂီတအနုပညာရှင် Ann Myongsook Lee နဲ့ လက်ထပ်ခဲ့ပြီး၊ ဇနီးဖြစ်သူဟာလည်း George Washington တက္ကသိုလ်မှာ ဂီတပါမောက္ခတဦး ဖြစ်ပါတယ်။ ပါမောက္ခ David Steinberg ကွယ်လွန်ချိန်မှာ ၅၈ နှစ်တာ ပေါင်းသင်းခဲ့တဲ့ ဇနီးသည်နဲ့အတူ သားနှစ်ဦး မြေးနှစ်ဦး ကျန်ရစ်ပါတယ်။
Forum