သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသမှာ မြန်မာစစ်တပ် အင်အားတိုးချဲ့


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကချင်ပြည်နယ်အတွင်းမှာတော့ အစိုးရတပ်ဖက်က စစ်အင်အား တိုးချဲ့လာနေပြီး အရင်ရက်ပိုင်းတွေက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေတယ်လို့ KIO က တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိအခြေအနေအရ သူတို့ကိုလည်း တိုက်ခိုက်မယ်အခြေအနေရှိနေတယ်လို့ KIO အရာရှိက သုံးသပ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ အစိုးရနဲ့ အပစ်အခတ်မရပ်စဲသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အခြေစိုက်ရာ ကချင်ပြည်အတွင်းမှာ အစိုးရဖက်က တပ်အင်အားတိုးချဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဘက်က လတ်တလော စစ်ရေးလှုပ်ရှားလာတဲ့အခြေအနေကို KIO နည်းပညာအကြံပေးအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

“အခုက တပ်ပြောင်းတပ်ရွှေ့လုပ်တယ်ဆိုပြီးတော့ အင်အားတိုးချဲ့နေတာတော့ သိရတယ်။ မြစ်ကြီးနား၊ ဖားကန့်..မန္တလေးကနေ မြစ်ကြီးနားတက်လာတဲ့လမ်းကြောင်းတကြော၊ နောက် မြစ်ကြီးနား-ဗန်းမော်တလျှောက်၊ မြစ်ကြီးနား- ကန်ပိုက်တီး ပန်ဝါသွားတဲ့လမ်းကြောင်း၊ ပြီးရင် ဗန်းမော်ကနေ မိုးမိတ်ပေါ့- အားလုံးလိုလိုပါပဲ၊ လမ်းကြောင်းတွေအားလုံးမှာ အစိုးရတပ်အင်အားအပြောင်းအလဲဆိုတဲ့ခေါင်းစဉ်နဲ့ အင်အားတိုးချဲ့တဲ့ဟာတွေ၊ ရိက္ခာပို့တဲ့ဟာတွေ ရှိတယ်။ ရိက္ခာဆိုလည်း လက်နက်ရိက္ခာပါတာပေါ့ဗျာ။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေက KIO ဌာနချုပ် လိုင်ဇာအနီးကို အစိုးရတပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တာကြောင့် KIO ကိုလည်း တိုက်ခိုက်လာနိုင်မယ်အခြေအနေရှိနေတယ်လို့ ဦးဒေါင်ခါးက သုံးသပ်ပါတယ်။

“အခုတလော ၁၁ ရက်နေ့ကနေ သူတို့ လက်နက်ကြီးတွေပစ်နေတယ်။ လိုင်ဇာမြို့ထဲမှာက မကျဘူး၊ ဒါပေမယ့် မြို့အပြင်ကျတယ်၊ ပြီးရင် လိုင်ဇာနဲ့ဗန်းမော်သွားတဲ့လမ်းကြောင်း တခု၊ နယ်စပ်လမ်းတခုရှိတယ်။ အဲဒီလမ်းကြောင်းတလျှောက်မှာ သူတို့ လက်နက်ကြီးနဲ့ပစ်တယ်။ ဒါ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာပဲ။ ဆွေးနွေးချင်တဲ့အနေအထားမျိုးနဲ့ တိုက်ပွဲဖြစ်ချင်တဲ့အနေအထားမျုးိကို ဖန်တီးတာပဲ။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ တုံ့ပြန်ပစ်ခတ်တာမရှိဘူး၊ ကာချုပ်ရဲ့လေသံနားထောင်ကြည့်တော့ KIO ကိုလည်း သူတို့က တိုက်မယ့်ပုံစံမျိုးတော့ ဖြစ်နေတယ်။”

ပြည်ထောင်စုနေ့အခမ်းအနားလာတက်ခဲ့ကြသူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အခမ်းအနားအပြီးတွေ့ဆုံဆွေးနွေးရာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်ဒေသတိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိကြောင်း၊ ဒီအတွက် တာဝန်ယူရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဦးဒေါင်ခါးကတော့ KIO အနေနဲ့ တပ်ပေါင်းစုဖြစ်ပေါ်ရေး ဆောင်ရွက်တာတွေရှိပေမယ့် ကိုးကန့်ဒေသဘက်ကို နယ်ကျော်ပြီး လူအင်အား စေလွှတ်တိုက်ခိုက်တာမရှိကြောင်း ပြောပါတယ်။

“တကယ့်လူအင်အားအရ၊ လက်နက်အင်အားအရ Central Commend ကနေပြီးတော့ အင်အားတွေ စုစည်း ပေါင်းပြီးတော့လုပ်တဲ့ဟာတော့ မရှိဘူး။ ကိုးကန့်တိုက်ပွဲမှာလည်း လူအင်အားအရ နယ်ကျော်ပြီးတော့ အကူအညီပေးတဲ့ဟာ မရှိဘူး။”

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လက်ရှိ ကချင်ပြည်နယ်တွင်းက အခြေအနေကို အခုလို ပြောပါတယ်။

“၁၁ ရက်..၁၂ ရက်နေ့တုန်းကတော့ လက်နက်ကြီးတွေနဲ့ပစ်တာ ရှိတယ်။ အခုလောလောဆယ်ကတော့ မနေ့ကနဲ့ဒီနေ့ကတော့ ဘာသံမှ မကြားတော့ဘူး။ လက်နက်ကြီးပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို PCG ကြောင်းကြားလာတာ၊ ကျနော်တို့လည်း ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်နဲ့ တိုင်း (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆိုလိုပါတယ်။) ကိုတော့ အကြောင်းကြားလာတယ်ဗျ။ အောက်ခြေမှာဖြစ်တာ သူတို့လည်း စုံစမ်းကြည့်မယ် ဆိုပြီးတော့မှ အခုအချိန်အထိတော့ ဘာမှ အကြောင်းမပြန်လာဘူးဗျ။ အခု ကျနော်တို့သိရသလောက်ဆိုရင် တပ်စွဲပြီးပြီလို့ ပြောပြတယ်ဗျ။ အဲဒီမှာထိုင်တဲ့တပ်တွေ၊ တပ်မတွေ ပြန်ချိန်းဖို့အတွက် ပြင်ဆင်နေတာလို့ သိရတယ်ဗျ။ သူတို့လည်း တပ်ချိန်းတယ်လို့ပြောတယ်။ တပ်တွေကလည်း အများကြီးလာတယ်။ တပ်ချိန်းဖို့လာသလား၊ ထပ်တိုးဖို့လာသလား- ဘယ်လိုပုံစံလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူးဗျ။”

တနိုင်းဒေသဖက်က ရွှေမှော်၊ ပယင်းမှော်တွေမှာလည်း တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိတာကြောင့် အလုပ်လုပ်ကိုင်သူတွေကို အစိုးရတပ်က ပြန်ခိုင်းနေတယ်လို့ ပယင်းတူးဖော်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“တနိုင်းဘက်က ပယင်းမှော်၊ အောင်ဘာမှော်၊ ဒီနမ်ဗျို ရွှေမှော်- အဲဒါတွေကို အားလုံးဖယ်ခိုင်းတယ်လေ။ အဲဒီ ကြော်ငြာက ... ဒီ ကေအိုင်အေတွေက စစ်ဆင်ရေးကိုအကြောင်းပြပြီးမှ လူသစ်စုဆောင်းတယ်၊ ဆတ်ကြေးကောက်တယ်-တဲ့။ အဲဒါကြောင့် ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်တယ်-တဲ့။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ရှင်းလင်းရေးဝင်လုပ်မယ်-တဲ့။ အဲလိုလုပ်တဲ့အချိန်ကျတော့ တိုက်ပွဲဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီမှာလုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စား မိဘပြည်သူတွေ- တိုက်ပွဲဖြစ်လာရင် ထိခိုက်လာနိုင်တယ်-တဲ့။ တပ်မတော်အနေနဲ့ လုံခြုံရေးတာဝန်မယူဘူး-တဲ့။ ဒါကြောင့် “အမြန်ဆုံးထွက်ခွာပေးရန် နှိုးဆော်အပ်ပါတယ်”- ဆိုပြီးတော့မှ အဲလို စာဖြန့်ထားတာကိုး။”

KIO နဲ့ အစိုးရတပ်အကြားမှာ အရင်က စစ်ရှိန်လျှော့ချဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပြီး ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုဖွဲ့စည်းပြီး နှစ်ဖက်အကြား တိုက်ပွဲတွေဖြစ်လာရင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လိုင်ဇာစစ်သင်တန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်းမှာတော့ ဒီလို ဆွေးနွေးဖြေရှင်းတာတွေ ရပ်ဆိုင်းခဲ့သလို အစိုးရဘက်က ဖိတ်ကြားခဲ့တဲ့ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို KIO က မတက်ရောက်ခဲ့ပါဘူး။

KIO ဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းကော်မတီ NCCT က ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG