သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကန်းကျွန်းမှာ ဘာသာရေး အဓိကရုန်းဖြစ်အောင် လုပ်ဆောင်မှုရှိနေဟု လွှတ်တော်အမတ် ပြော


သင်္ဃ်န်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်တွင်း သြဂုတ်လ (၄)ရက်နေ့ညက ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေစဉ် (ဓါတ်ပုံ- မသီတာ)
သင်္ဃ်န်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်တွင်း သြဂုတ်လ (၄)ရက်နေ့ညက ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေစဉ် (ဓါတ်ပုံ- မသီတာ)

သင်္ဃန်းကျွန်းမြို့နယ်မှာ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတဲ့ အဖွဲ့ကနေ ဘာသာရေးအဓိက ရုန်းဖြစ်အောင် စည်းရုံးလှုံဆော်နေတာကြောင့် အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေကြောင်း သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ သင်္ဃန်းကျွန်း တိုးချဲ့ရပ်ကွက်မှာ မျိုးချစ်အဖွဲ့တွေဆိုပြီး သံဃာတချို့နဲ့ လူအုပ်စုတစုက မနေ့ညက ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် အခြားဘာသာဝင်တွေအနေနဲ့ စိုးရိမ်ထိန့်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်မှာ ဘာသာခြားလူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ပွားတဲ့ ကိစ္စကို အခြေခံပြီး မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတဲ့ အဖွဲ့တခုကနေ ဘာသာရေးအဓိကရုန်း ပုံစံမျိုးဖြစ်အောင် ဖန်တီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ NLD သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

“အဓိကတော့ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုပြီးတော့ ပြောတာခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ အဲဒါကို ဘယ်လိုဆက်ပြီးတော့ ကိုင်တွယ်ဖို့ရှိမလဲ။

ဖြေ။ ။ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတော့ အစိုးရကို မေးရမှာပဲခင်ဗျ။ အမှန်တော့ အဲဒီရပ်ကွက်က အဲလိုပဲ ကျနော်တို့ သင်္ဃန်းကျွန်းမှာလာပြီးတော့ ဘာသာရေး လှုံ့ဆော်မှုတွေ လုပ်နေတာ ၂ ခါ ၊ ၃ ခါ လောက်ရှိပြီ။”


ဇူလိုင်လကဖြစ်ခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပတ်သက်သူကို ရဲဘက်က ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒီအတောအတွင်း အခင်းဖြစ်ပွားချိန်မှာ ဝင်ရောက်တားဆီးခဲ့တာကြောင့် ဓါးဒဏ်ရာရခဲ့တဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၄)ရက်နေ့က အဆုပ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အခြေခံပြီး သံဃာတချို့နဲ့ လူအုပ်တချို့က သင်္ဃန်းကျွန်း တိုးချဲ့ရပ်ကွက်ဘက်မှာနေထိုင်တဲ့ အခြား အစ္စလာမ်ဘာသာဝင်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိခဲ့တာကြောင့် အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်နေကြောင်း ဒေသခံ မသီတာကပြောပါတယ်။

မနေ့ညကဖြစ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက စတင်မေးမြန်းရာမှာ-

“အခုဘာတွေဖြစ်နေသလဲဆိုတော့ ဖြစ်တဲ့ ရပ်ကွက် ၃ ရပ်မှာပေါ့နော် ၉၆၉ အဖွဲ့တွေက အစ္စလာမ်ဘာသာဝင်တွေကို မီးရို့မယ် ၊ ဘာညာပေါ့နော် ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တော့ အစ္စလာမ်ဘာသာဝင်တွေ ရပ်ကွက်ထဲမှာ မနေရဲပဲနဲ့ အဝတ်အစားထုတ်ကလေးတွေ ထုတ်ပြီးတော့ တိမ်းရှောင်နေရတယ်။ ရဲတွေကလည်း ခဏရှောင်နေဖို့ပဲပြောတာပေါ့နော်။ အခု ကျမတို့ကျတော့ ဖမ်းထားတဲ့လူတွေရဲ့အရှေ့မှာပဲ ကျမတို့ စောင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုလည်း အန္တရာယ်ပြုမှာဆိုပြီး ကျမတို့ ၄-၅၀ ယောက်ပေါ့နော်ဒီ ၂၄ ယောက်ကို ညဘက်ကို ထိုင်စောင့်နေတယ်။

မေး။ ။သူတို့ကို အခု ဘယ်မှာ ထိန်းသိမ်းထားတာလဲရှင့်။

ဖြေ။ ။ ထိန်းသိမ်းထားတာက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးဘေးက ပြည်သူ့ဝန်ဆောင်မှုရုံး အဲဒီအထဲမှာ

မေး။ ။ ဟုတ်ကဲ့ ၉၆၉ က ဘယ်တုန်းက အဲဒီလို ခြိမ်းခြောက်တာလဲရှင့်။

ဖြေ။ ။စဖြစ်တဲ့ညကပေါ့နော်။ ကြာသပတေးညက လာစစ်တာဘုန်းကြီးတွေ မပါဘူး။ အဲဒီ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျမတို့ မသိတဲ့လူတွေနဲ့ လာစစ်တယ်။ အဲဒီ ရပ်ကွက်ရုံးကို ခေါ်သွားတော့မှ ဘုန်းကြီးတွေနဲ့ နောက်လူတွေကိုပါ သွားတွေ့တယ်။

မေး။ ။ ဘုန်းကြီးတွေနဲ့ ဘာကြောင့်ပါလာပြီးတော့ သူတို့က အဲဒီမှာ မေးတာလဲရှင့်။

ဖြေ။ ။ဘာတွေမေးတာလဲဆိုတော့ ကျမတို့လူတွေကိုပေါ့နော် ဘယ်ကလာတာလဲ ဘင်္ဂါလီပုံစံမျိုးပေါ့အမရယ် ရခိုင်ပြည်ကလာတယ်ဆိုပြီးတော့ ရိုဟင်ဂျာဆိုပြီးတော့ စွတ်စွဲတာတို့ အဲလိုမျိုးစွတ်စွဲတယ်။ နောက်နေ့ လဝက ကလည်း စစ်တဲ့အချိန်မှာ သူတို့က လဝက ကလူကြီးကိုတောင် အဲဒီလိုမျိုး စကားများကြတယ်။ အဖြူကတ်တွေထုတ်ပေးတာတွေလေ အဲဒီကတ်တွေကို ဘာကြောင့် လွယ်လွယ်ကူကူထုတ်ပေးရမှာလဲ ဘာညာဆိုပြီးတော့ အဲဒီမှာ ဘုန်းကြီးတွေကပြောတယ်။

မေး။ ။ ပြောတော့ အဲဒီမှာ လဝက အရာရှိတွေကရော သူတို့ကို ဘာပြန်ပြောလဲ။

ဖြေ။ ။ လဝက အရာရှိတွေက သူတို့ကို ဘာပြန်ပြောလဲဆိုတော့ သူတို့နဲ့ စကားများတဲ့ ဗွီဒီယို ဖိုင်ကိုတော့ ကျမတို့လုပ်ထားတယ်။ သူတို့က အပြစ်မရှိတာကို ဘယ်လိုဖမ်းရမလဲ ဆိုပြီးတော့ လဝက လူကြီးတယောက်က မေးတယ်။ သူတို့ကိုပြောတာပေါ့နော် အဲဒါကို သူတို့က ဒီလိုမျိုးဖြစ်နေတာကို ဘာကိုအပြစ်မရှိရမှာလဲဆိုပြီးတော့ ဒီလဝက လူကြီးနဲ့ သူတို့နဲ့ စကားများကြတယ်။ အဲဒီအထဲမှာ

မေး။ ။ ထိန်းသိမ်းခံထားရတဲ့လူတွေကရော ဘုန်းကြီးတွေ စွပ်စွဲသလို ရခိုင်ပြည်နယ်က မဟုတ်ဘူးဆိုရင် သူတို့ဘယ်ကလာကြတဲ့ လူတွေလဲရှင့်။

ဖြေ။ ။ သူတို့က အခုလက်ရှိက သင်္ဃန်းကျွန်း မြို့နယ်မှာ မွေးပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်မှာပဲ ကြီးတဲ့လူတွေ အများဆုံးပါတယ်။ ဒီနေရာမှာမွေး ဒီမှာကြီးတာတွေ အဲဒီ မော်လမြိုင် က ကျောင်းသားတွေကျတော့ သထုံဘက်မှာနေတဲ့လူတွေ မော်လမြိုင်ဇာတိတွေ ၊ ထောက်ခံစာတွေလည်း မော်လမြိုင် ကပဲယူထားတာ ၂၀၁၅ ထောက်ခံစာတွေ ဒါတွေတောင်မှပဲ ယူလာတာ သူတို့တွေက။ သာကေတ ကတယောက်ပါတယ် သာကေတ ထောက်ခံစာနဲ့ နယ်တွေကတောင်မပါဘူး။

မေး။ ။ အခုလောလောဆယ် သူတို့ကို ဘာအမှုနဲ့ ထိန်းသိမ်းထားသလဲဆိုတာ အမတို့ သေချာမသိသေးဘူးလား။

ဖြေ။ ။ ကျမတို့က တနေကုန်လုံးကိုမေးနေတာ လာတဲလူတိုင်းကိုလည်းမေးတယ်၊ ရဲကိုလည်းမေးတယ်။ ဘာမှန်းကို သူတို့လည်းမသိဘူးတဲ့ မနက်ဖြန်ကိုတော့ တရားရုံးတင်မယ်တဲ့ အဲဒီလိုပဲ ပြောတယ်။”

ဒီအခြေအနေနဲ့ပတ်သက်လို့ တာဝန်ကျ သုဝဏ္ဏရဲစခန်းရဲ့ စခန်းမှုးသန်းစိုးကို ဆက်သွယ်မေးမြန်းရာမှာ-

“ဒီမှာ ကျနော်တို့ရဲတပ်ဖွဲ့ လုံခြုံရေးအပြည့်ရှိပါတယ်။ ဘာမှထူးခြားမှုမရှိပါဘူး။

မေး။ ။ ဟိုတနေ့က ထိန်းသိမ်းခံထားရတဲ့အစ္စလာမ်ဘာသာဝင်တွေ အခြေအနေကရော ဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။ အဲဒါတော့ပြောလို့မရသေးဘူးအမ”

အခုလို သင်္ဃန်းကျွန်းမြို့နယ်မှာ ဆူပူမှုတွေဖြစ်အောင် အင်တာနက်တွေက နေတဆင့်လှုံဆော်နေတာတွေကိုလည်း သတိထားကြဖို့ ဦးနေဖုန်းလတ်က ပြောပါတယ်။

“သာမန်ပြောဆိုတဲ့ကိစ္စတွေကို အခြေခံပြီးတော့ ဘာသာရေးလှုံ့ဆော်ပေးနေတဲလူတွေက တမင်သတ်သတ် အပြင်မှာရော၊ အွန်လိုင်းမှာရော လိုက်ပြီးတော့ လှုံ့ဆော်နေတာတွေရှိနေတယ်ခင်ဗျ။ အပြင်မှာလိုက်ပြီးတော့ လှုံ့ဆော်နေတဲ့အဖွဲ့တွေကို ကျနော်တို့ တစုံတရာ အရေးယူဆောင်ရွက်မှုတွေလုပ်သင့်တယ် အစိုးရအနေနဲ့လေ။ ပြည်သူတွေအနေနဲ့ကတော့ အခြေအနေမှန်တဲ့အချက်အလက်တွေကိုသုံးပြီးတော့ အွန်လိုင်းပေါ်မှာ ဘာသာရေးလှုံ့ဆော်နေတာတွေကို ချင့်ချိန်ပြီး ကျနော်တို့စဉ်းစားသင့်တယ်ခင်ဗျာ။”

မျိုးစောင့်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဇူလိုင်လက သံဃာ့မဟာနာယကအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ဘာသာတခုနဲ့တခုကြား၊ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာ ပဋိပက္ခတွေဖြစ်ပွားအောင် အမုန်းစကားတွေ ဖြန့်ဝေတဲ့လှုပ်ရှားမှုတွေကို အစိုးရအနေနဲ့ ထိထိရောက်အရေးယူ ကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG