သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တပ်မတော် လေ့ကျင့်ရေးလေယာဉ်ပျက်ကျ၊ လေယာဉ်မှူးသေဆုံး


F-7 လေယာဉ်ပျက်ကျ (MOI)
F-7 လေယာဉ်ပျက်ကျ (MOI)

တောင်ငုူလေတပ်စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ F-7 လေယာဉ်ဟာ ဒီနေ့မနက်မှာဘဲ စက်ချို့ယွင်းပြီး ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာပါတဲ့ လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာ တပ်မတောာ်ဆေးရုံကို ပို့ဆောင်စဉ်မှာဘဲ အသက် ဆုံးရှုံးသွားတယ်လို့ တပ်မတောာ် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုန်ပြန်ထားပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြ ပေးမှာ ဖြစ်ပါတယ်။

လေ့ကျင့် ပျံသန်းနေတဲ့ F-7 အမျိုးအစား လေယာဉ်တစင်း ဒီကနေ့မနက် ၁၀ နာရီခွဲ အချိန်လောက်က တောင်ငူ လေတပ်စခန်းရဲ့ အနောက်ဘက် (၃) မိုင်အကွာမှာရှိတဲ့ ကျွန်းကုန်း ကျေးရွာနားမှာ ပျက်ကျခဲ့တာပါ။

လေယာဉ်ပျက်ကျပြီး မကြာခင်မှာဘဲ အခင်းဖြစ်တဲ့နေရာမှာ လုံခြုံရေး တာဝန်ယူနေရတဲ့ ကျွန်းကုန်း ကျေးရွှာ အုပ်ချုပ်ရေးမှူး ဦးမြသန်းက သူမြင်တွေ့ရတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

" ဖြစ်စဉ်ကတော့ လေယာဉ်လေ့ကျင့် ပျံသန်းရင်းကနေပီးတော့ ကျနေ်ာတို့ ကျွန်းကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာက ဒေါ်ကြွယ်ရဲ့အိမ်ပေါ်ကို ဖြတ်သန်းသွားပီးတော့ ဇီးကုန်ကျေးရွာရဲ့ အနောက်ဖက် ဦးပြုံးရဲ့ လယ်ထဲမှာ ပျက်ကျသွားခဲ့တာပါ။ မီးခိုးလုံးကြီး ထွက်လာပီးတော့ ပေါက်ကွဲသွားတဲ့ အသံတော့ကြားတာပေါ့ ၊လေယာဉ်ကတော့ အပိုင်း ပိုင်း ဖြစ်သွားတယ်။"

အဲဒီ လေ့ကျင့်ရေး လေယာဉ် ပျက်ကျတဲ့နေရာကို အနီးနားမှာရှိတဲ့ ရွာသွားတွေလာရောက် ကြည့်ရှုကြတယ်လို့ ဦးမြသန်းက ပြောပါတယ်။

အဲဒီနောက်မှာတော့ သူတို့ရွာက ပရဟိတကားနဲ့ စစ်ဆေးရုံကို ပို့လိုက်ကြောင်းလည်း အုပ်ချုပ်ရေးမှူး ဦးမြသန်းက ပြောပါတယ်။

"ကျနော်တို့ ဒီကကျေးရွာက ပရဟိတကားနဲ့ပေါ့နော် သူ့ကို ဝိုင်းဝန်းဆွဲထုတ် မ ပီး စစ်ဆေးရုံကို ပို့လိုက်တယ် "

တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ရုံးကတော့ လေယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာလည်း အရေးပေါ် လေထီးနဲ့ ခုန်ထွက်ခဲ့ပေမဲ့ ထိခိုက် ဒဏ်ရာတွေကြောင့် တပ်မတော်ဆေးရုံကို ပို့ဆောင်စဉ်မှာဘဲ အသက် ဆုံးရှုံးခဲ့ရတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

စစ်အေးခေတ်မှာ ဆိုဗီယက်ပြည်ထောင်စုက ထုတ်တဲ့ MiG-21 အမျိုးအစားနဲ့တူတဲ့ မောင်းသူ တယောက်ထဲသာ စီးလို့ရတဲ့ ဒီ F-7 လေယာဉ်ကို တရုတ်နိုင်ငံက ဆက်လက် ထုတ်လုပ်နေတာပါ။

လေယာဉ်ပျက်ကျပြီး မီးလောင်နေတဲ့ပုံနဲ့ ဒဏ်ရာတွေ ရထားတဲ့ လေယာဉ်မှူးရဲ့ ရုပ်ပုံတွေဟာလည်း အခင်းဖြစ်ပြီး မကြာခင်မှာဘဲ လူမှုကွန်ယက်တွေမှာ ပြန့်နှံ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် စက်တင်ဘာလ တုန်းကလည်း တပ်မတော် လေ့ကျင့်ရေး လေယာဉ် G-4 တစင်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်နားမှာ ပျက်ကျခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၁၇ ဇွန်လအတွင်းမှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ Y-8 အမျိုးအစား တပ်မတော် ပို့ဆောင်ရေး လေယာဉ်ဟာ ပင်လယ်အတွင်း ပျက်ကျခဲ့ပြီး အဲဒီ ပျက်ကျမှုကြောင့် ၁၁၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနစ်အတွင်းကလည်း တပ်မတော်လေရဲ့ Beech 1900 D အမျိုးအစား အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ်တစီးဟာ နေပြည်တော် လေဆိပ်ကနေ အတက်မှာ စက်ချို့ယွင်းပြီး ပျက်ကျ မီးလောင်သွားခဲ့တာကြောင့် လေယာဉ်ပေါ် ပါလာသူ စစ်သည် ၅ ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG