သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုဆေးဝါး အသုံးပြုမှုတွေကြောင့် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပဈေးကွက်မှာ အခက်ကြုံ


A farmer ploughs a field in Magway
A farmer ploughs a field in Magway

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေဟာ စိုက်ပျိုးရေးမှာ ဓါတု့ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို အလွယ်တကူ အသုံးပြုနေကြတဲ့အတွက် ထွက်ရှိလာတဲ့ သီးနှံတွေကို နိုင်ငံတကာ ဈေးကွက်ထဲကို စံချိန်စံညွှန်းအပြည့်နဲ့ ထိုးဖောက် တင်ပို့ဖို့မှာ အခက်အခဲတွေ ရှိနေကြပါတယ်။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်းကနေ တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသူတွေကို မေးမြန်းပြီး စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံက တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ရဲ့ စိုက်ပျိုးခင်တွေမှာ အနည်းနဲ့အများဆိုသလို ကျရောက်တတ်တဲ့ အပင်ဖျက်ပိုးတွေကို ရှင်းလင်းဖို့အတွက် ဓါတုပိုးသတ်ဆေးတွေ အလွယ်တကူ အသုံးပြုကြပါတယ်။ အဲဒီအတွက် ထွက်ရှိလာတဲ့ သီးနှံတွေမှာ ဓါတု့ပိုးသတ်ဆေးတွေရဲ့ ဓါတ်ကြွင်းအာနိသင်တွေ ပါရှိနေတဲ့အတွက် နိုင်ငံတကာကို အထူးသဖြင့် ဂျပန်အပါအဝင် ဖွံဖြိုးပြီး နိုင်ငံတွေရဲ့ ဈေးကွက်တွေကို တင်ပို့ရောင်းချနိုင်ရေး ခက်ခဲနေပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေအနေနဲ့ ဟိုအရင်ကတည်းကတိုင် ပိုးသတ်ဆေးတွေကို စိုက်ပျိုးရေးမှာ အလွယ်တကူ အသုံးပြုနေကြပြီး ဈေးကွက်ကလည်း ပြည်တွင်းဈေးကွက် အဓိကဖြစ်တဲ့အတွက်ကြောင့် အဲဒီရဲ့ အန္တရာယ်အပေါ်မှာ သတိထားမိတာ မရှိခဲ့ပါဘူး။ ဒါအပြင် သီးနှံထွက်ကုန်တွေကို ပြည်ပတင်ပို့တယ်ဆိုတာကလည်း အဓိက အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကနေ မှောင်ခိုတမျိုး ၊ တရားဝင်တမျိုး တင်ပို့ရတာဖြစ်တဲ့အတွက်ကြောင့် ပိုးသတ်ဆေးအသုံးပြုတဲ့ကိစ္စက ရေးကြီးခွန်ကျယ် မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် တောင်သူတွေဟာ ပိုးသတ်ဆေးကို စိုက်ပျိုးရေးမှာ ဆက်ပြီးတော့ သုံးမြဲသုံးစွဲနေကြသလို ဆေးဖြန်းတဲ့အခါမှာလည်း စနစ်တကျ အကာအကွယ်ဝတ်စုံတွေကို မသုံးကြတဲ့အတွက် ကျန်းမာရေးအရ ထိခိုက်မှာကိုလည်း ထည့်မတွက်ကြပါဘူး။

ဒါတွေဟာ စစ်အစိုးရ ခေတ်အဆက်ဆက် အစိုးရ စိုက်ပျိုးရေးဌာန က ပညာပေးခဲ့တာ မရှိခဲ့တဲ့အတွက်ကြောင့်လို့ မြေလတ်ဒေသမှာ အခြေစိုက်ပြီး တောင်သူလယ်သမားအရေး လုပ်ဆောင်နေတဲ့ ကျေးလက်မြေအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းထိုက်က ဝေဖန်လိုက်ပါတယ်။

"ကျနော်တို့ သိတာကတော့ ပိုးသတ်ဆေးရဲ့ ကောင်းကျိုးကို ငယ်ငယ်လေးကတိုင် မကြားမိခဲ့ဘူး။ လူတွေရဲ့ ခန္ဒာကိုယ်ထဲကို အဆိပ်တွေပဲ သွင်းနေတယ်လို့ ကျနော်တော့မြင်တယ်။ ဘာကြောင့်လည်းဆိုတော့ PPE (Personal Protected Equipment) တို့ ၊ မျက်မှန်တို့၊ နှာခေါင်းစည်း တို့ကို သူတို့က ဝတ်ရမှန်း တပ်ရမှန်းကို မသိတာ။ မသိတာကလည်း မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးဌာန ဆိုတာကလည်း သူတို့ဘာလုပ်မှန်းလည်း တောင်သူတွေ ဘာမှမသိကြသလို ၊ တောင်သူဘာလုပ်နေလဲဆိုတာ သူတို့မသိကြဘူး။ ဒီပိုးသတ်ဆေးကြောင့် အသက်ပေးလိုက်ရတဲ့ စပါးစိုက် လယ်သမား၊ မြေပဲနှမ်း ငရုတ်ကြက်သွန်စိုက်တဲ့ တောင်သူတွေမှာလည်း အသက်ပေးလိုက်ရတဲ့ တောင်သူတွေရှိတယ်။"

အခုနှစ်တွေအပိုင်းမှာ လုပ်သားရှားပါးလာတဲ့အတွက်ကြောင့် စိုက်ပျိုးခင်းတွေမှာ မဖြစ်မနေလုပ်ပေးရတဲ့ ပေါင်းပင်၊ မြက်ပင်တွေကိုရှင်းလင်းရာမှာလည်း ဓါတု့ဗေဒ ပေါင်းသတ်ဆေးတွေကို သုံးစွဲကြပါတယ်။ အဲဒီ ပေါင်းသတ်ဆေးတွေဟာလည်း ပိုးသတ်ဆေးတမျိုးဖြစ်တဲ့အတွက်ကြောင့် ဆေးဖြန်းသူတွေနဲ့ တောင်သူလယ်သမားတွေကိုယ်တိုင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးထိခိုက်နိုင်သလို၊ ထွက်ရှိတဲ့ သီးနှံတွေမှာလည်း ဓါတ်ကြွင်း အာနိသင်တွေ ပါဝင်တာများပါတယ်။ ဒါပေမယ့်လည်း အဲဒီပေါင်းသတ်ဆေးတွေကို တရုတ်နယ်စပ်ကနေ တင်သွင်းနေကြပြီး နေရာတိုင်းမှာ အလွယ်တကူ ဝယ်ယူလို့ ရကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တောင်သူတဦးဖြစ်တဲ့ ဦးတင်စိုးက အခုလို ပြောပါတယ်။

"တောင်သူတွေကတော့ ပေါင်းရှင်းတဲ့အခါမှာ လူအင်အား လူလုပ်အားတွေကို လျှော့ချနိုင်ဖို့အတွက် ပေါင်းသတ်ဆေးတွေကို အလွယ်တကူ သုံးစွဲနေတာ။ သူတို့က ပေါင်းနိုမ်နင်းဖို့ပဲ သိနေတာ။ သူရဲ့ဆိုးကျိုးတွေကို တကယ် ဂဃနဏ ဘာမှမသိကြဘူး။ သိလည်းပဲ သုံးနေကြသေးတာပဲ။ ပေါင်းသတ်ဆေးကို အသုံးပြုကြခြင်းအားဖြင့် အလုပ်သမားခတွေကို လျှော့ချနိုင်တာမျိုးပေါ့။ ကုန်ကျစာရိတ် လျော့အောင်ပေါ့။ သူတို့ လောလောဆယ် အဆင်ပြေဖို့ပဲ အလေးထားနေကြတာ။ တောင်သူတွေက ပေါင်းသတ်ဆေးကို သုံးရင် ကိုယ်ထွက်လာတဲ့ သီးနှံမှာလည်း ပေါင်းသတ်ဆေးရဲ့ ဆိုးကျိုးတွေ၊ ဓါတ်ကြွင်း အာနိသင်တွေ ရှိလာမယ်ဆိုတာကိုလည်း အဲဒီလောက်အထိ တွေးထားတာမရှိဘူး။ ကိုယ်ဆီကသီးနှံ နိုင်ငံခြားကို ပိုလို့ရအောင် ရည်ရွယ်ချက်တွေ မရှိဘူး။ ခေါင်းထဲမှာလည်း အလေးထား ဆောင်ရွက်တာ မရှိဘူး။ မြန်မာပြည်မှာကတော့ အလွယ်တကူ ဝယ်ရနေတယ်။ တောင်သူတွေရဲ့ လက်တကမ်းမှာ အဲဒီ ပေါင်းသတ်ဆေးတွေ သုံးတယ်။ တောင်သူအများစု သုံးကြတယ်"

ထွက်ရှိလာတဲ့ သီးနှံတွေကို ကြိတ်ခွဲထားတဲ့အပေါ်မှာ ဓါတ်ကြွင်းပါဝင်မှု ရှိမရှိ အကြမ်းဖျင်း တိုင်းတာ စစ်ဆေးနိုင်တဲ့ တခါသုံး ကရိယာငယ်လေးတွေလည်း ဈေးကွက်ထဲမှာ အခုအလွယ်တကူဝယ်ယူလို့ရနေကြပြီ။ ဒါပေမယ့်လည်း တောင်သူလယ်သမားတွေအနေနဲ့ အကျိုးအမြတ်မရှိတဲ့ သူတို့ရဲ့ မိရိုဖလာ စိုက်ပျိုးရေးလုပ်ငန်းအပေါ်မှာ စိတ်ကုန်နေကြတဲ့အတွက်ကြောင့် အဲဒီလို လုပ်ဖို့တောင် ဆန္ဒမရှိကြတော့ဘူးလို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

"ကျနော်ဆို မြန်မာပြည်တလွှား ရွာတွေသွား စကားပြော၊ မြေတွေကိုလိုက်ကြည့် လေ့လာတဲ့သူ။ ကျနော်တို့ သီးနှံအရည်အသွေးကို တိုင်းတာ ၊ စမ်းတာ ဈေးသက်တောင့် သက်တာနဲ့ စမ်းတဲ့ စနစ်တွေ အများကြီးရှိတယ်။ ကိုယ်အိမ်မှာတင် နေရာတင် စမ်းလို့ရတာတွေက ပေါ်နေပြီ။ ဒါပေမယ့် တောင်သူတွေက အဲဒါကိုတောင် မလုပ်ချင်ကြတော့ဘူး။ စိတ်မဝင်စားဘူး။ စိတ်ဝင်စားဖို့ကလည်း စိုက်ပျိုးရေးဟာ သူတို့ဘဝကို မြင့်မားအောင် လုပ်ပေးနိုင်တဲ့ မက်လုံး မရှိဘူးဆိုတော့ တောင်သူလယ်သမားထုတရပ်လုံး အဲဒီလိုမျိုး ခေတ်မီတာတွေနဲ့ သုံးဖို့ စိတ်မဝင်စားတော့ဘူး"

ပြီးခဲ့တဲ့ အမျိုသား ဒီမိုကရေစီ NLD အစိုးရအုပ်ချုပ်ရေး သက်တန်းပြည့်ခါနီး ကာလတွေကတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်တချို့မှာ ပိုးသတ်ဆေးဆိုင်ရာ နည်းဥပဒေတွေ ဆွေးနွေး ချမှတ်ပေးခဲ့တာတွေရှိခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဒေသဆိုင်ရာ အစိုးရတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုးရေး ကုမ္ပဏီတွေအနေနဲ့ မိမိတို့ ဖောက်သည်အများစုရှိရာ ကျေးရွာတွေမှာ ပိုးသတ်ဆေး ရဲ့ ကောင်ကျိုး၊ ဆိုးကျိုးတွေကို ပညာပေးရေး ပြုလုပ်ဖို့ ၊ ဆေးနဲ့ ပတ်သက်ပြီး မြန်မာစာနဲ့ ထင်ထင်ရှားရှား ဖော်ပြဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလိုလိုပျက်ပြယ်ခဲ့ပါတယ်။

ဒါအပြင် ဆေးရွက်ကြီး၊ ငရုတ်ကောင်း စတာတွေကို ရေနဲ့ ဖျော်ပြီး လက်ဖြစ် သဘာဝ ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်တာဟာ ထွက်ရှိလာတဲ့ သီးနှံမှာလည်း ဓါတု့ပိုးသတ်ဆေးလို ဓါတ်ကြွင်း အာနိသင်တွေ ပါဝင်ခြင်း မရှိစေပါဘူးလို့ စိုက်ပျိုးရေး ပညာရှင်တချို့ ရေးသားထားတဲ့ ဆောင်းပါးတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလို သဘာဝ ပိုးသတ်ဆေးဟာ အကုန်အကျများတာနဲ့ ဓါတု့ပိုးသတ်ဆေးလို အပင်ဖျက်ပိုးတွေကို ချက်ခြင်းရှင်းလင်းနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် တောင်သူလယ်သမားအများစုက စိတ်ဝင်စားခြင်း မရှိကြပါဘူး။

မြန်မာနိုင်ငံမှာ အမျိုးသားအများစု အပါအဝင် လူအများ နေ့စဉ်စားသုံးနေကြတဲ့ ကွမ်းယာမှာသုံးတဲ့ ဆေးရွက်ကြီး၊ ကွမ်းရွက် နဲ့ ကွမ်းသီးကအစ အဓိက သီးနှံစိုက်ပျိုးခင်းတွေအဆုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို အလွယ်တကူ သုံးစွဲနေကြတဲ့အတွက်ကြောင့် ကင်ဆာရောဂါ နဲ့ တခြား ရောဂါဘယတွေ ဖြစ်ပွားနှုန်းတွေကလည်း တိုးများလာတယ်လို့ ကျန်းမာရေး စာဆောင်တွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG